၉. ၅ .၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင် သဘာဝတရားရိပ်သာတွင် နေထိုင်သော သီလရှင်ဆရာကြီးတစ်ပါး သူသီတင်းသုံးရာကျောင်းခန်းအတွင်း ပုပ်ပွနေဆုံးနေခဲ့သည့်ဖြစ်စဥ်တစ်ခု ယမန်နေ့ ၈ ရက်နေ့ နေ့လည်၂ နာရီဝန်းကျင်မှ သိရှိကာ ကူညီသယ်ဆောင် သင်္ဂြိုလ်ပေးခဲ့ရကြောင်း သန်လျင်မြို့နယ်အခြေစိုက် ရွှေရောင်တွဲလက် လူမှုကူညီရေးအသင်းမှ သိရသည်။
ဆရာကြီး ဒေါ်ဣန္ဒန္ဒီသည် သန်လျင်သဘာဝတရားရိပ်သာ၏ ငါးထပ်အဆောင် အခန်း နံပါတ် E- 7 တွင် တစ်ပါးတည်း သီတင်းသုံးပြီး ယခင်ကလည်း အပြင်သို့ ထွက်လေ့ထွက်ထ မရှိသဖြင့် ပတ်ဝန်းကျင်မှ လေး၊ ငါးရက်ခန့် ပျောက်နေသော်လဲ အမှုမဲ့ အမှတ်မဲ့သာ နေဖြစ်ကြကြောင်း ဘေးအခန်းများမှ အပုပ်နံ့များနံနေ၍ သွားရောက် ကြည့်ရှုရာမှ သေဆုံးနေကြောင်း သိရှိရခြင်းလည်း ဖြစ်သည်။
“ဆရာကြီးက အသက် ၅၈ နှစ်လို့ သိရတယ်။ သူ့မှာက သွေးတိုးတို့ ဆီးချိုတို့လည်း ရှိတယ်။ အဲဒီဆေးဝါးတွေလည်း လက်ရှိမှီဝဲကုသနေတယ်။ ဒါပေမယ့် ဘာရောဂါနဲ့သေဆုံးမှန်းလဲ မသိရတော့ ကျွန်တော်တို့ PPE ဝတ်စုံနဲ့ သယ်လိုက်တာပါ၊ အပြင်မှာ သတင်းပြန့်နေသလို သဘာဝတရားရိပ်သာမှာ ကိုဗစ်အခြေအနေဆိုးနေတာ မဟုတ်ပါဘူး”ဟု ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သူ ရွှေရောင်တွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News သို့ ပြောသည်။