၈. ၅. ၂၀၂၃
Translated by Htwe Ko Tun
ပီရူးနိုင်ငံတောင်ပိုင်း ဝေးလံခေါင်ဖျားသော နယ်မြေတစ်ခုအတွင်း ရွှေတွင်းတစ်ခု၌ ပေါက်ကွဲမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ၂၇ ဦး သေဆုံးခဲ့ရကြောင်း ပီရူးအာဏာပိုင်များက မေလ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြသည်။
Yanaquihua သတ္တုတွင်းကုမ္ပဏီက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင်လည်း မီးလောင်မှုက မေလ ၅ ရက်ကုန်ခါနီး ညသန်းခေါင်အချိန် မေလ ၆ ရက် အကူး နံနက်အစောပိုင်းတွင်ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၇၅ ဦးကို ဘေးကင်းစွာကယ်တင်နိုင်ခဲ့ကြောင်း သတ္တုတူးဖော်ရေးတွင်ကျွမ်းကျင်သူ အလုပ်သမား ၂၇ ဦးမှာ မီးလောင်မှုတွင် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အစိုးရတာဝန်ရှိသူများက မီးလောင်ရခြင်း၏အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောခဲ့ကြသည်။ အချို့သောသတင်းများကမူ ကနဦးစစ်ဆေးတွေ့ရှိချက်များအရ မြေပြင်မှ မီတာ ၁၀၀ နက်သောနေရာတွင် သတ္တုတွင်း၏အပိုင်းတစ်ခု၏ လျှပ်စီးပတ်လမ်းပြတ်တောက်ကာ ပေါက်ကွဲမှုဖြစ်ခဲ့ရခြင်းဟု ယူဆရကြောင်း ဖော်ပြခဲ့ကြသည်။ ပေါက်ကွဲမှုကြောင့် သတ္တုတွင်းအတွင်းရှိ သစ်သားဖြင့်ပြုလုပ်ထားသော အထောက်အကူများကို မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်ဆေးမှုများအရ တွေ့ရသည်။
သေဆုံးသူများ၏ မိဘဆွေမျိုးများအား ဘတ်စ်ကားများဖြင့်တင်ဆောင်ကာ Arequipa တိုင်းဒေသကြီး၊ Yanaquihua ခရိုင်အတွင်းရှိ မီးလောင်သည့်သတ္တုတွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။ သတ္တုတွင်းတည်ရှိရာသို့ Arequipa တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော Arequipa မြို့ကြီးမှပင် ၁၀ နာရီကြာကားဖြင့် သွားရကြောင်း သိရသည်။
Yanaquihua သတ္တုတွင်းကုမ္ပဏီက ပီရူးနိုင်ငံတွင် သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်လာသည်မှာ ၂၃ နှစ်ရှိပြီဖြစ်ပြီး ဒေသအတွင်း တရားမဝင်သတ္တုတွင်းလုပ်ငန်းများစွာကို လုပ်ကိုင်နေသည်။ ပီရူးနိုင်ငံက လက်တင်အမေရိကဒေသတွင် အကြီးမားဆုံးရွှေထုတ်လုပ်သူနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ငွေ၊ ကြေးနီ၊ သွပ်၊ သံဖြူ၊ ခဲ နှင့် မိုလစ်ဒီနမ် ခေါ် သံမဏိပြုလုပ်ရာတွင်သုံးသည့်သတ္တုတစ်မျိုးအပါအဝင် သတ္တုတွင်းထွက်အမျိုးမျိုးတို့၌ ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံးထုတ်လုပ်သူဖြစ်သည်။
Ref——France 24