၈. ၅. ၂၀၂၃
Written by Pan Ei
အီတလီဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ နာပိုလီအသင်းဟာ ကြာသပတေးနေ့ (မေလ ၄ ရက်)က အူဒီးနီးစ်အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ၁၉၉၀ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံး စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပရိသတ်တွေကလည်း ကွင်းအတွင်းကို ဝင်ကာ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အောင်ပွဲခံပရိသတ်တွေဟာ သူတို့နှစ်သက်တဲ့ ကစားသမားတွေဆီကနေ ဘောလုံးဂျာစီတွေ၊ ဘောင်းဘီတွေကို အမှတ်တရအဖြစ် တောင်းယူတာတွေ ရှိခဲ့ပါတယ်။ တချို့ပရိသတ်တွေကတော့ သမိုင်းဝင်ပွဲဖြစ်တာနဲ့အညီ အူဒီးနီးစ်ကွင်းက မြက်ခင်းတွေကို နှုတ်ယူခဲ့ကြပြီး အခုချိန်မှာတော့ နှုတ်ယူခဲ့တဲ့ မြက်ခင်းတွေကို ebay ကနေ လေလံတင် ရောင်းချနေကြတာပဲ ဖြစ်ပါတယ်။
အဆိုပါ ရောင်းချသူတစ်ဦးဟာ နှုတ်ယူခဲ့တဲ့မြက်ကို ယူရို 700 (မြန်မာငွေ ၁၆ သိန်းကျော်)နဲ့ လေလံတင်ရောင်းချနေတာဖြစ်ပြီး စတင်ခဲ့တဲ့စျေးနှုန်းကတော့ ယူရို 100 (မြန်မာငွေ ၂ သိန်း ၃သောင်းကျော်) နဲ့ ဖြစ်ပါတယ်။
ရောင်းချသူ နောက်တစ်ဦးကလည်း နှုတ်ယူခဲ့တဲ့ မြက်ခင်းကို ကြမ်းခင်းဈေး ယူရို 100 (မြန်မာငွေ ၂ သိန်း ၃သောင်းကျော်)နဲ့ စတင်လေလံဆွဲခဲ့ပေမဲ့ ရောင်းချရာမှာတော့ ယူရို 1,000 (မြန်မာငွေ သိန်း ၂၃ ကျော်အထိ) ရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအကျော်အမော် မာရာဒိုနာလက်ထက်နောက်ပိုင်း နာပိုလီအသင်းအနေနဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ အခုအခါမှ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Ref; Daily Star