၈. ၅. ၂၀၂၃
Written by Min Mahar
ငါန်းဇွန်မြို့နယ်ရှိ မြို့သာနယ်မြေရဲစခန်းကို ယမန်နေ့ညနေပိုင်းက PDF အဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် အလစ်အငိုက်ယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၁ ဦးနှင့် မိသားစုဝင် ၄ ဦးတို့ ဗုံးစများထိမှန်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက် ညနေ ၃ နာရီ ၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ(ရ)ကျေးရွာ၊ မြို့သာနယ်မြေရဲစခန်းအား ရဲစခန်း၏ တောင်ဘက်ခြမ်းတွင်ရှိသော အထက (မြို့သာ)ကျောင်းဘက်မှ ၄၀ မမဖြင့် ၂ ချက် အရင်ပစ်ခတ်ကာ လက်နက်ငယ်များဖြင့် အဆက်မပျက်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှလည်း ပြန်လည်ပစ်ခတ်ခဲ့သော ကြောင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်မှုများကြောင့် ရဲစခန်းနေအိမ်လိုင်းခန်းရှေ့များတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မိသားစုဝင်အမျိုးသမီး ၂ ဦး ဗုံးစများထိမှန်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ၎င်း PDF အဖွဲ့များသည် ထပ်မံ၍ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရဲစခန်း၏တောင်ဘက်မှ Drone ပျံသန်းလာပြီးရဲစခန်းအတွင်းသို့ Drop Bomb ၂ လုံးအားပစ်ချခဲ့ရာ အိမ်ထောင်သည်လိုင်းခန်းအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ရဲတပ်သားတစ်ဦးအား ဗုံးစထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲတပ်သားတစ်ဦးသည် ယာဘက်တင်ပါးအထက် ဗုံးစ ၁ ချက်ထိမှန်(မစိုးရိမ်ရ)၊ ရဲအသက် ၆၂ နှစ်အရွယ်ခန့်ရှိသော ရဲအုပ်တစ်ဦး၏ယောက္ခမဖြစ်သူအား ဝဲယာပေါင်နှစ်ဘက်စလုံးကို ဗုံးစများထိမှန် (မစိုးရိမ်ရ)နှင့် အသက် ၃၉ နှစ်ခန့်ရှိသည့်ဒုရဲအုပ်တစ်ဦး၏ဇနီးဖြစ်သူသည်လည်း ယာဘက်လက်မောင်းကို ဗုံးစထိမှန် ၂ ချက် (မစိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ၅ နာရီတွင် မြို့သာတိုက်နယ်ဆေးရုံသို့ ပိုဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။
ယင်းကဲ့သို့ အလစ်အငိုက်ယူပြီးပစ်ခတ်တိုက်ခိုက်ခဲ့သော PDF အဖွဲ့များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။