၈. ၅. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်၊ မာလာပူရမ် ခရိုင်ရှိ ကမ်းရိုးတန်းမြို့ တန်နူးတွင် ခရီးသည်တင် နှစ်ထပ်စက်လှေတစ်စီးသည် တနင်္ဂနွေနေ့နှောင်းပိုင်းတွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့ (မေလ ၈ရက်) တွင် ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စက်လှေနစ်မြုပ်ခဲ့သည့် ညအချိန်တွင် သင်္ဘောအတွင်းနှင့် အနီးတစ်ဝိုက်၌ အသက်ရှင်ကျန်ရစ်သူများစွာကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့ကြသည်။
အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသားခုနစ်ဦး အပါအဝင် ရုပ်အလောင်း ၂၂ လောင်းကို ဆယ်ယူရရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ လူခြောက်ဦးခန့်ရှိကာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း တန်နူး ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါမတော်တဆမှုကြောင့် သေဆုံးသူများတွင် မိသားစုတစ်ခုမှ ကလေးသုံးဦးအပါအဝင် လူ ၁၁ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
မတော်တဆဖြစ်ပွားချိန်တွင် သင်္ဘောပေါ်၌ လူ ၃၀ ကျော်ခန့် ရှိနေသည်ဟု ယူဆရပြီး သေဆုံးသူအများစုမှာ ကျောင်းပိတ်ရက်တွင် ခရီးသွားလာကြသည့် ကလေးငယ်များဖြစ်ကြောင်း သိရကာ ခရီးသည်တင်စက်လှေ နစ်မြုပ်ရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးချေ။
” ကီရာလာ၊ မာလာပူရမ်ခရိုင်မှာ အသက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ လှေနစ်မြုပ်မှုကြောင့် ဝမ်းနည်းနာကျင်ရပါတယ်။ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းရပါတယ်” ဟု ဝန်ကြီးချုပ် Narendra Modi က တွစ်တာတွင် ပြောကြားခဲ့ပြီး သေဆုံးသူ တစ်ဦးချင်းစီ၏ ဆွေမျိုးသားချင်းများကို လျော်ကြေးများပေးဆောင်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။
Ref; AFP