၈. ၅. ၂၀၂၃
Written by Peya
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မေလ ၈ ရက် ယှဉ်ပြိုင်မှု နံနက်ပိုင်းအထိ မြန်မာနိုင်ငံက ရွှေ တံဆိပ် ၂ ခု နှင့် အခြားဆုများ ထပ်မံရရှိထားကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံက သိရသည်။
မြန်မာအသင်းအနေဖြင့် မေလ ၇ ရက်အထိ ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၁၈ ခု စုစုပေါင်း ၂၅ ဆုအထိ ရထားခြင်းဖြစ်ပြီး ယနေ့ မေလ ၈ ရက် ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ် ၂ ခု ထပ်မံရရှိခဲ့သည့် အပြင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်များကိုလည်း ထပ်မံ ရရှိထားသည်။
မေလ ၈ ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘိလိယက်၊ ပြေးခုန်ပစ်၊ ခွန်ခမာ၊ ဘော်လီဘောနှင့် လက်ဝှေ့ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
ယနေ့ နံနက်ပိုင်း ယှဉ်ပြိုင်ရာ ဗိုဗီနမ် (ခွန်ဘိုကာတာ- ၁+၂ အတွဲအတိုက်) အားကစားနည်းပြိုင်ပွဲတွင် မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဘွယ်ငြိမ်းနှင့် မနီလာစိုးဦးတိုက ရွှေတံဆိပ်ဆု ရခဲ့ခြင်း ဖြစ်ပြီး ဗိုဗီနမ် (အမျိုးသားဓားတစ်လက်အပြ) အားကစားနည်းပြိုင်ပွဲတွင် မောင်အိုက်စိုးလင်းမှ ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယနေ့ နံနက်ပိုင်း ယှဉ်ပြိုင်မှုများအတွင်း ဗိုဗီနမ် (အမျိုးသားတုတ်ရှည်အပြ) အားကစားနည်းပြိုင်ပွဲနှင့် ဗိုဗီနမ် (ခွန်ဘိုကာတာ- ဓားကောက်စွမ်းရည်ပြ) အားကစားနည်းပြိုင်ပွဲတို့တွင် မြန်မာက ငွေတံဆိပ် ၁ ခုစီ ထပ်မံ ရရှိထားသည်။ ဗိုဗီနမ် (ခွန်ဘိုကာတာ- အမျိုးသား ၁+၁ အတွဲအတိုက်) အားကစားနည်းပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ-အမျိုးသမီးသုံးယောက်တွဲစွမ်းရည်ပြ) အားကစားနည်းပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ- ဓါးကောက်စွမ်းရည်ပြ) အားကစားနည်းပြိုင်ပွဲ၊ ဗိုဗီနမ် (အမျိုးသားဓားမြှောင်အတိုက်အပြ) အားကစားနည်းပြိုင်ပွဲ တို့ကိုလည်း မေလ ၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မြန်မာက ကြေးတံဆိပ် ၁ ခုစီ ရရှိထားသည်။
လက်ရှိ နံနက်ပိုင်း ဆုရရှိမှု အခြေအနေအရ မြန်မာအနေဖြင့် ဗိုဗီနမ်၊ ခြင်းလုံး၊ ပီတန်းနှင့် ဗီုဗီနမ် (ခွန်ဘိုကာတာ) တို့တွင် ရွှေတံဆိပ်များ ရထားခြင်းလည်း ဖြစ်သည်။