၈. ၅. ၂၀၂၃
Written by Min Mahar
ယမန်နေ့ညနေပိုင်းက ပြည်ကြီးတံခွန်မြို့နယ်ရှိ”ရွှေမိုး”ယမကာနှင့်အအေးမျိုးစုံရောင်းဝယ်ရေးဆိုင် လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရသည့်အပြင် မပေါက်သေးသည့်မိုင်းနှစ်လုံးပါ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက် ညနေ ၄ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြောက်ဥယျာဥ်ရပ်ကွက်တွင် နေထိုင်သော အသက် ၆၂ နှစ်အရွယ်ရှိသူ ပိုင်ဆိုင်သည့် ”ရွှေမိုး”ယမကာနှင့် အအေးမျိုးစုံရောင်းဝယ်ရေးဆိုင်အား ရပ်ကွက်တွင်းလမ်းအတိုင်း အရှေ့မှအနောက်သို့ အမျိုးသား ၂ ဦးစီးလာသော ဆိုင်ကလုန်းအမျိုးအစား အနက်ရောင်ဆိုင်ကယ်ပေါ်မှ အနောက်ကလိုက်ပါလာသူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အိမ်တွင်ရပ်ထားသော ကားနှင့်ဆိုင်ကယ်တို့ ဗုံးစများထိမှန်ခဲ့သည့်အပြင် နေအိမ်၏ ၄×၈ပေအရွယ်ရှိ သွပ် ၁၅ ချပ်ပေါက်ပြဲပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုနေစဉ် ၎င်း၏ နေအိမ်အရှေ့လမ်းမဘယ်ဘက်ခြမ်း ၁၅ ပေခန့်အကွာ၌ ဗုံးထည့်ထားသည်ဟုယူဆရသော ၈ လက်မပတ်လည်ခန့်ရှိသောဆောင်းဘောက်တစ်လုံးအားတွေ့ရှိရသဖြင့် ရှင်းလင်းခဲ့ပြီးနောက် ထပ်မံ၍ ဈေးဆိုင်နေအိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှလည်း မိုင်းတစ်လုံးတွေ့ရှိခဲ့သောကြောင့် သက်မဲ့ပြုလုပ်ကာသိမ်းဆည်းသွားကြကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။