MT News
၆.၅. ၂၀၂၃
၂၀၁၉၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၆ ရက် ညနေ ၆ နာရီခွဲက နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကတွေ၊ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သဘင်၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်အဖွဲ့ဝင်တွေ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အကယ်ဒမီပေးပွဲကို ရုပ်ရှင်သရုပ်ဆောင်တွေထဲက ပြေတီဦး၊ လူမင်း၊ ရန်အောင်၊ နေတိုး ၊ စိုင်းစိုင်းခမ်းလှိုင် ၊မြင့်မြတ်၊ အောင်ရဲလင်း၊ ဝေဠုကျော် ၊ အောင်လွင်၊ မင်းဦး၊ ခင်လှိုင် ၊ ခင်သန်းနု ၊ ဝါဝါဝင်းရွှေ ၊ ထွန်းအိန္ဒြာဗိုလ် ၊ခင်သီတာထွန်း ၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်သူဇာ၊ မေသန်းနု ၊ နန္ဒာလှိုင်၊ မိုးဟေကို ၊ ခင်ဝင့်ဝါ ၊ ခိုင်သင်းကြည် ၊ ခြူးလေး စတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေတက်ရောက်ခဲ့ပါတယ် ။
နှစ်အလိုက် ရုပ်ရှင်ထူးချွန်ဆုတွေကို အနုပညာရှင်၊ အတတ် ပညာရှင်တွေကို ချီးမြှင့်ခဲ့ရာမှာ ၂၀၁၉ ခုနှစ်အတွက် အ ကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို သရုပ်ဆောင် မြင့်မြတ်က (ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကား) ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင် အိန္ဒြာကျော်ဇင် ( ဟစ်တိုင်ဇာတ်ကား) ၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို အဆိုတော်၊ သရုပ်ဆောင် ရွှေထူး (ဒဏ္ဍာရီမိုး ဇာတ်ကား)၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင် ခင်၀င့်ဝါ(လှပ်၍လွင့်သောဇာတ်ကား) ၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို ဓာတ်ပုံပညာရှင် အာကာတိုး (ဒဏ္ဍာရီမိုး ဇာတ်ကား) အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ကိုကျော်ကျော်ထွန်း (နို့ဘီလူးဇာတ် ကား) ၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို ကြည်မင်းသိန်း (၁၀၁၄ ဇာတ်ကား) ၊ ရုပ်ရှင်ဇာတ်ညွှန်းဆုကို မောင်မြတ်ဆွေ (နိုင်ငံကြီးသား ဇာတ်ကား) ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ဂျီသရီးနဲ့ ကျော်ခိုင်စိုး (၁၀၁၄ ဇာတ်ကား) တို့ ဆု ၉ ဆုကို ရရှိခဲ့ပါတယ်။
၂၀၂၀ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအနေနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို Frenzo ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပိတောက်ကတဲ့ ဂီတဇာတ်ကား ၊ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာမီးပွား (ပိတောက်ကတဲ့ဂီတဇာတ်ကား)၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် (ပိတောက်ကတဲ့ ဂီတဇာတ်ကား) ၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင် စိုးပြည့်သဇင် (ရွှေမင်းသမီး ဇာတ်ကား)၊ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို သရုပ်ဆောင် အုန်းသီး (သောင်းတိုက်ကကြားစေသား ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို သရုပ်ဆောင်မေသဉ္ဇာဦး (ရွှေမင်းသမီးဇာတ်ကား)၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို ဓာတ်ပုံပညာရှင် ဖြိုးကျော် (ပိတောက်ကတဲ့ဂီတဇာတ်ကား) ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို အောင်ကိုလတ် (ဂန္ဓဗ္ဗဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်အထူးဆု(၀တ်စားဆင်ယင်ထုံးဖွဲ့မှုဆု) ကို ဒီဇိုင်နာဌေးဌေးတင်နဲ့အဖွဲ့တို့ စတဲ့ ဆု ၉ ဆု ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုအနေနဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို Triple Six ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဝေးမနေချင်ဘူး ဇာတ်ကား၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို သရုပ်ဆောင် ပြေတီဦး (လိပ်ပြာထောင်ချောက်ဇာတ်ကား)၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင် ရွှေမှုံရတီ (ဝေးမနေချင်ဘူး ဇာတ်ကား) ၊ အကောင်းဆုံးရုပ်ရှင် တည်းဖြတ်ဆုကို ကြည်သာ (လိပ်ပြာထောင်ချောက်ဇာတ်ကား) တို့က ဆု ၄ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို မြန်မာ့ အကယ်ဒမီ ဖက်ရှင်ဆု (Myanmar Academy Fashion Award) တွေပေးအပ်ခဲ့ပြီး အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု ရန်အောင်၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု စိုးမြတ်သူဇာ၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆု အောင်ရဲလင်းနဲ့ အကောင်းဆုံး ဝတ်စားဆင်မှု အမျိုးသမီးဆု မိုးဟေကို စုစုပေါင်း ဆု ၄ ဆုတို့ကိုလည်း ချီးမြှင့်ပေးခဲ့ပါတယ်။
သုံးနှစ်စာ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ စုစုပေါင်း ဆုပေါင်း ၂၆ ဆု ချီးမြှင့်ပေးအပ်ခဲ့ပြီး မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်တွေကို ရွှေစင်ကြယ် ၅ ကျပ်သားကို ပေးအပ်ခဲ့ပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ အကယ်ဒမီရရှိပြီးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အကယ်ဒမီပုံ ရွှေရင်ထိုးတွေကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။