၈. ၅. ၂၀၂၃
Written by Tha Doe
ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းသည့် မိုချာဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက်သတင်းများ ထွက်ပေါ်လာမှုနှင့်ပတ်သက်ပြီး နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်မည်ဟု တွက်ဆနေမှုများအပေါ် SAC ဥက္ကဋ္ဌကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး သဘာ၀ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါ့ဆမှုမရှိဘဲ အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“လက်ရှိမုန်တိုင်းအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သတိထားပြီးစောင့်ကြည့်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ခုနကပြောခဲ့သလို ခန့်မှန်းတွက်ချက်မှုတွေပဲ ရှိပါတယ်။ ခန့်မှန်းတွက်ချက်မှုလုပ်တဲ့နေရာမှာ စံထားသုံးခုနဲ့ဆောင်ရွက်ပါတယ်။ တစ်ခုကတော့ Global Forecasting Models(GFS) ဒေတာတွေနဲ့ လုပ်တယ်။ နောက်တစ်ခုကတော့ European Center for Medium-range Weather Forecasts(ECMWF)ဒေတာနဲ့ ခန့်မှန်းထားတာရှိတယ်။ ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက Global Fore-casting Models (GFS)နဲ့လုပ်ထားတာ ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မေ ၈ ရက် လောက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းက အားကောင်းပြီး ၉ ရက်နေ့လောက်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာမြောက်ဘက်ကိုရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားတာရှိပါတယ်။ ဒီလိုခန့်မှန်းတဲ့နေရာမှာလည်း သုံးခုကို GFS ဒေတာကို ခန့်မှန်းထားတာကတော့ မေ ၁၂ ရက် ညနေပိုင်း ၆ နာရီကျော်ကျော်လောက်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး အနီးကနေဖြတ်နိုင်တယ်လို့ ခန့်မှန်းပြီး ယူရိုပီယံရဲ့ ခန့်မှန်းချက်ကတော့ မေ ၁၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ရခိုင်ပြည်နယ်စစ်တွေနဲ့ ကျောက်ဖြူကြားဖြတ်နိုင်တယ်ဆိုပြီး ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက GFS နဲ့ ခန့်မှန်းတာကတော့ မေ ၁၅ ရက် မနက်ပိုင်းလောက်မှာ ရခိုင်ပြည်နယ်စစ်တွေအနီးဖြတ်ကျော်နိုင်တယ်ဆိုပြီးတော့မှ ခန့်မှန်းထားတာရှိပါတယ်။ ဒါတွေကို သုံးသပ်ကြည့်တော့ လမ်းကြောင်းနှစ်ခု တွေ့ရပါတယ်။ တစ်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နဲ့ ကုန်းတွင်း မုန်တိုင်းအဖြစ်ဝင်ရောက်နိုင်ပြီး လမ်းကြောင်း နှစ်ကတော့ ရခိုင်ပြည်နယ်ဖြတ်ပြီး စစ်တွေနဲ့ကျောက်ဖြူကြားမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါတွေကတော့ခန့်မှန်းချက်ဖြစ်ပြီး ဒါ့ထက် ပိုပြီးတိကျတာကတော့ မုန်တိုင်းငယ်အဖြစ်ကူးပြောင်းပြီးမှ လမ်းကြောင်းကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ အကြမ်းဖျင်း ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအတွင်းကို မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့လောက်မှာ မုန်တိုင်းဝင်ရောက်လာနိုင်တယ်လို့ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်ဖြစ်မလာသေးဘူးပေါ့။ သွားတဲ့လမ်းကြောင်းတွေကြည့်ပြီး တိကျစွာခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ ခန့်မှန်းချက်အားလုံး ကတော့ တိုင်းထွာတဲ့အချိန်ရယ်၊ အသုံးပြုတဲ့ပုံစံနဲ့ အသုံးပြုတဲ့ဒေတာတွေပေါ်မှာမူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါသေးတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ မုန်တိုင်းဖြစ်လာပြီဆိုရင်လည်း မုန်တိုင်းအဆင့် သတ်မှတ်ချက်တွေဖြစ်တဲ့ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အညိုရောင်အဆင့်၊ အစိမ်းရောင်အဆင့် ဒါတွေနဲ့ အချိန်မီပြည်သူတွေသိအောင် ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ အဝါရောင်အဆင့်ကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အော် မုန်တိုင်းစတင်နေပြီ အဆင့်မျိုး၊ လိမ္မော်ရောင်အဆင့်ဆိုရင်စတင်ပြီးတော့ ခန့်မှန်းချက်တွေအရ မြန်မာ့ကမ်းရိုးတန်းကိုဦးတည်နေပြီး အဝါရောင်အဆင့်ဆိုရင်ဖြင့် မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းကို နီးကပ်နေတဲ့အချိန်၊ အညိုရောင်အဆင့်ကတော့ မြန်မာ့ကမ်းရိုးတန်းဖြတ်ကျော်နေတဲ့အချိန်၊ အစိမ်းရောင်အဆင့်ကတော့ ကုန်းတွင်းပိုင်းဝင်ရောက်အားပျော့တဲ့အချိန် ဒါတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာအလေးထားပြီးပြောရမယ်ဆိုရင် မုန်တိုင်းငယ်အဖြစ်မရောက်သေးပါဘူး။ လေဖိအားနည်းရပ်ဝန်းအဆင့် ရှိပါသေးတယ်။ ခန့်မှန်းတွက်ချက်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ပေါ့ဆလို့မရပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ထိုမုန်တိုင်းအခြေအနေနှင့် ပတ်သက်ပြီး SAC ဥက္ကဋ္ဌကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ကာ အလေးထားဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်ဝန်ကြီးချုပ်ညွှန်ကြားချက်အရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးစီးပြီးဆောင်ရွက်ခဲ့ကာ အဓိကအချက် လေးချက်ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထို့ပြင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအောက်မှ လုပ်ငန်းကော်မတီ ၁၂ ခုကလည်း အရေးပေါ် ကယ်တင်ကယ်ဆယ်နိုင်ရေး ပြင်ဆင်ထားသကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့များကို သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမိန့်စောင့်စရာမလိုဘဲ ပြည်သူလူထုကို အမြန်ဆုံးကူညီရန် ညွှန်ကြားပြီး ဖြစ်သည်။ ထို့အတူ သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် SAC ဥက္ကဋ္ဌကိုယ်တိုင်ဦးစီးပြီး လုပ်ငန်းကော်မတီကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က ဦးစီးဆောင်ရွက်လျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ။
” ဧရာဝတီတိုင်းမှာဆိုရင် ဘေးဒဏ်ခံ နားခိုတဲ့အဆောက်အအုံတွေ၊ ဆိုင်ကလုန်း ရှက်တာ ၄၇ ခု၊ ဘေးဒဏ်ခံ တည်ဆောက်ပြီး ၁၁၈ ခု၊ တည်ဆောက်ဆဲ ၁၇ ခုရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်းများကိုလည်း စုပုံထားပြီးဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်တဲ့ တိုင်းအဆင့်မှာ တစ်ခု၊ ခရိုင်အဆင့်မှာခြောက်ခု၊ မြို့နယ်အဆင့်မှာ ခြောက်ခုမှာ အိမ်ထောင်စု ၆၀၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ၊ အသုံးပြုရမယ့် ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ခွဲထားပြီးဖြစ်ပါတယ်။ ကယ်ဆယ် ရေးပစ္စည်းတွေမှာ သူ့ကိုတာအလိုက်ပါပါတယ်။ ဝတ်ဖို့၊ စားဖို့။ လုံချည်၊ ထဘီကအစ။ စောင်ထူနဲ့ ခြင်ထောင်တွေကအစ။ ချက်ပြုတ်စားသောက်ဖို့အတွက် ဒန်အိုး၊ ဇလုံ ဒါတွေကအစ။ မိုးရေခံတာပေါ်လင်စများကို ခန့်မှန်းတွက်ချက်၍ စုပုံထားပြီး ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အရေးပေါ်သုံး ပစ္စည်းတွေအနေနဲ့ ဖိုက်ဘာ စက်လှေ ၅၉ စင်း၊ အသက်ကယ်အင်္ကျီ အထည် ၂၅၀၀ ခန့်နဲ့ အသက်ကယ်ဘောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်း ဖြန့်ခွဲထားပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်းသုံးခွမြို့နယ်တွေ၊ မြစ်ဝကျွန်းပေါ်နဲ့နီးတဲ့နေရာတွေ၊ ကမ်းရိုးတန်းနဲ့နီးတဲ့ နေရာတွေမှာ ဆိုင်ကလုန်း ရှက်တာ အပါအဝင် နားခိုစရာ အဆောက်အအုံ ကိုးလုံး တည်ဆောက်ပြီးဖြစ်ပါတယ်။ ပြီးရင် အိမ်ထောင်စု ၅၀၀၀ အတွက် ထောက်ပံ့ရေးပစ္စည်းတွေ စုပုံထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နားခိုရာအဆောက်အအုံတည်ဆောက်ပြီး ၅၄ လုံးနဲ့ တည်ဆောက်ဆဲခြောက်လုံးဖြစ်ပါတယ်။ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ ဂွမြို့တွေမှာရှိပါတယ်။ သိုလှောင်ထားတဲ့ပစ္စည်းတွေ ပြည်နယ်အဆင့်တစ်ခု၊ ခရိုင်အဆင့် ငါးခု၊ မြို့နယ်အဆင့် သုံးခု၊ အိမ်ထောင်စု ၉၀၀၀ ခန့်အတွက် ထောက်ပံ့မယ့်ပစ္စည်းတွေ အသင့်ရှိပြီး ဖြစ်ပါတယ်။ အရေးပေါ်သုံးမယ့် ဖိုက်ဘာစက်လှေ ၃၃ စင်း၊ အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တွေကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ တစ်နိုင်လုံး အတိုင်းအတာအနေဖြင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ သဘာဝဘေးအန္တရာယ်ဖြစ်လျှင် ခိုနားဖို့အတွက် အဆောက်အအုံ ၁၄၃ လုံးရှိပြီး ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။