MT News
Written by Peya
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်နေသည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေတံဆိပ် ၅ ခု ရရှိပြီဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံက မေလ ၇ ရက်တွင် သိရသည်။
မေလ ၇ ရက်တွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား(၂)ယောက်တွဲ အပြပြိုင်ပွဲ၌ အင်ဒိုနီးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ မောင်မနားကွီးနှင့် မောင်တင်ထူးဇော်တို့မှ ရမှတ် ၂၇၀ မှတ်ဖြင့် ပထမ ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် အဆိုပါဆုမှာ ဗိုဗီနမ် အားကစားနည်း အတွက် တတိယအကြိမ်မြောက် ဆုရခဲ့ခြင်းဖြစ်ကာ ယမန်နေ့ မေလ ၆ ရက်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့က ရွှေတံဆိပ်ဆုရခဲ့ပြီး လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်းတို့က ပထမဆု၊ ရွှေတံဆိပ်ဆု ရခဲ့သည်။
ထို့အပြင် Basketball Hall NSTC ၌ ကျင်းပခဲ့သည့် ခြင်းလုံးအားကစားပြိုင်ပွဲ အမျိုးသမီး Same Stroke Chinlone (Preliminary)Event 2 ဗိုလ်လုပွဲတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ ရမှတ် ၂၂၁ မှတ်ဖြင့် အနိုင်ရပြီး ပထမ ရွှေတံဆိပ်ဆုရရှိခဲ့သည်။
မေလ ၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး(အပစ်- Shooting) ပြိုင်ပွဲတွင် ၇ နိုင်ငံယှဥ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ ခင်ချယ်ရီသက်က ဗိုလ်လုပွဲပြိုင်ပွဲ၌ ဗီယက်နမ်အသင်းမှ အားကစားသမားကို ရမှတ် ၄၂ မှတ်၊ ၃၀မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆု(ရွှေတံဆိပ်)ကို ရရှိထားသည်။ လက်ရှိတွင် မြန်မာအသင်းအနေဖြင့် ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၁၈ ခု စုစုပေါင်း ၂၅ ဆုအထိ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။