၈. ၅. ၂၀၂၃
Written by Min Mahar
နေအိမ်အတွင်း၌ထိုင်နေသော ရာအိမ်မှူးတို့မိသားစုအား PDF အဖွဲ့ဝင် ၉ ဦးက ရောက်လာပြီးသေနတ်ဖြင့်ဝိုင်း၍ ပစ်ခတ်မှုကြောင့် ရာအိမ်မှူးအပါအဝင် ၃ ဦးဒဏ်ရာရရှိမှု မြင်းခြံမြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက် ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၉) တွင်နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ရာအိမ်မှူးသည် နေအိမ်အတွင်း၌ မိသားစုဝင်များနှင့်ထိုင်ပြီး စကားပြောနေစဉ်အတွင်း ဆိုင်ကယ် ၄ စီးဖြင့် PDF အဖွဲ့ဝင် ၉ ဦးသည် နေအိမ်အရှေ့သို့ ရောက်ရှိလာကာ သေနတ်များဖြင့် ဝိုင်း၍ပစ်ခတ်ပြီး ထွက်ပြေးသွားကြကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုများကြောင့် ရာအိမ်မှူးသည် ယာဘက်ရင်အုံကိုဖောက်ဝင်သွားပြီး ယာဘက်ဂျိုင်းအောက်ကို ပြန်ဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ ရာအိမ်မှူး၏ညီမဖြစ်သူသည် နောက်ကျောကို ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့် ရာအိမ်မှူး၏တူမဖြစ်သူအသက် ၁၆ နှစ်အရွယ်ခန့်ရှိသူသည် ဝဲဘက်လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းတို့အား ရှပ်ထိသွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံမြို့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
အခင်းဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်ရာအနီးမှ ၅.၅၆ ကျည်ခွံ ၂၂ ခွံ၊ M-22 ကျည်ခွံ ၈၀ ခွံတို့အားတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။