MT News
Written by Nay Aung
အာဆီယံအနေဖြင့် အတားအဆီးအဟန့်အတားမရှိဘဲ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာအကူညီလိုအပ်နေသူများကို အကူအညီများ လွှဲပြောင်းပေးခွင့်ရလိုကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သော Kao Kim Hourn က ပြောသည်။
၎င်းက “အာဆီယံဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေကို အစိုးရထိန်းချုပ်ထားတဲ့ နေရာတွေသာမက အခြားနေရာတွေကိုလည်း သွားရောက်ကူညီပေးခွင့်ပေးဖို့ မျှော်လင့်နေပါတယ်။ မြေပြင်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပြည်သူတွေဟာ နေရပ်စွန့်ခွာနေရတယ်။ ပြည်သူတွေဟာ ရှင်သန်နေထိုင်ရေးအတွက် လိုအပ်လျက်ရှိနေတဲ့အရာတွေကို လက်ခံရရှိခြင်းမရှိဘူး။ အာဆီယံဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အာရုံစိုက်သင့်တယ်လို့ထင်ပါတယ်”ဟုဆိုသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ပေးရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရေးအတွက် ဆန်းစစ်အကဲဖြတ်သွားဖွယ်ရှိနေကြောင်း ၎င်းကပြောသည်။
အဆိုပါ အကဲဖြတ်ဆန်းစစ်မှုများအတွင်း မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူအရေအတွက်၊ အကူအညီလိုအပ်နေသူများရှိနေသော နေရာ နှင့် လိုအပ်နေသော ပစ္စည်းများကိုအဓိကထားသွားမည်ဖြစ်ကြာင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။
အာဆီယံအထွေအထွအတွင်းရေးမှူးချုပ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံကိုသွားရောက်ရန် အစီအစဉ်များရှိနေပြီးမြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့်တွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်း ပြောသည်။
၎င်းက ” ကျွန်တော့်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်၊ နိုင်ငံရေးတွေနဲ့ မသက်ဆိုင်ပေမယ့် ဒီကိစ္စမှာတော့ မြန်မာနိုင်ငံရှိ ပြည်သူတွေ အမှန်တကယ်အာရုံစိုက်ဖို့ လုပ်ဆောင်ရမယ့် အခန်းကဏ္ဍရှိလာနေပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘာတွေ ထပ်မံလုပ်ဆောင်နိုင်မလဲဆိုတာကို သိလိုတယ်။ အာဆီယံဟာ မြန်မာ့နိုင်ငံရေးအခက်အခဲနဲ့ပတ်သက်ပြီး အဖြေရယူနိုင်ရေးမှာ အစိတ်အပိုင်းအဖြစ် ပါဝင်လိုနေပြီး မြန်မာ့နိုင်ငံရေးပြဿနာရဲ့အစိတ်အပိုင်းအဖြစ် မပါဝင်လိုဘူး။ မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အရေးကြီးနေတဲ့အချိန်ကာလအတွင်းမှာ အမှန်တကယ်ဘာတွေလုပ်နိုင်မလဲဆိုတာ သိရှိတွေ့မြင်လိုပါတယ်။ “ဟုဆိုသည်။
မြန်မာနိုင်ငံသို့ သွားရောက်ရန်စီစဉ်နေခြင်း၏ အဓိကဦးစားပေးမှာ ပြည်သူတွေကို ကူညီထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများလျှော့ချပြီး ပြည်သူတွေ နေရပ်ပြန်ခြင်းများကို တွေ့မြင်လိုကြောင်းလည်း အာဆီယံအထွေအထွေအတွင်းရေးမှူးချုပ်က ပြောသည်။
Ref——- CNA