MT News
Written by Thettant
အင်ဒိုနီးရှားကို ငါးဂိုးပြတ်ရှုံးခဲ့ပြီး အနိုင်ရဖို့ထပ်မံလိုအပ်နေတဲ့ မြန်မာအသင်းဟာ ၂၀၂၃ ဆီးဂိမ်းစ် အမျိုးသားဘောလုံး အုပ်စု(က)ပွဲစဉ်အဖြစ် အိမ်ရှင်ကမ္ဘောဒီးယားနဲ့ မေလ ၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီက ဖနွမ်းပင်မြို့ အိုလံပစ် အမျိုးသား အားကစားကွင်းမှာ ကစားချိန် မြန်မာက အိမ်ရှင် ကမ္ဘောဒီးယားကို ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းအတွက် ပွဲချိန် ၁၂ မိနစ်မှာ ဟိန်းထက်အောင်၊ ပွဲချိန် ၃၈ မိနစ်မှာ သက်ဟိန်းစိုးတို့က အနိုင်ဂိုး သွင်းယူပေးခဲ့ကြပြီး ဟိန်းထက်အောင်ရဲ့ ပထမဆုံးဂိုးကလည်း ၁၈ ကိုက်စည်းထိပ်နားကနေ လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပြီး သက်ဟိန်းစိုးရဲ့ ဘိုင်စကယ်ကစ်ကလည်း ဒီနှစ်ဆီးဂိမ်းစ်အတွက် အလှဆုံးဖြစ်လာနိုင်သလို တီမောနဲ့ပွဲမှာလည်း သူဂိုးသင်းယူပြီး နိုင်ပွဲရယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲ အနိုင်ကြောင့် ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယ နေရာ ရပ်တည်နေပါတယ်။
”ဒီနေ့ပွဲ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ ပထမပိုင်းမှာ ကစားပုံ အရမ်းကောင်းခဲ့ပြီး ဂိုးလည်းရခဲ့သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို စနစ်တကျ ထိန်းပြီး ကစားနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကျွန်တော်တို့ ကစားသွားမှာပါ။ ဖိလစ်ပိုင်အသင်းကလည်း အမှတ် အလကားပေးမှာ မဟုတ်ဘူး။ သူတို့ ဖိအားမရှိဘဲ ကျွန်တော်တို့ကို ကစားမှာပါ။ ကျွန်တော်တို့မှာတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအား ရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲခြင်း သေချာစွာနဲ့ ချဉ်းကပ်ပြင်ဆင်ဖို့က အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို အနိုင်ရရှိမှသာ အိမ်ရှင်နဲ့ အင်ဒိုနီးရှားတို့ ပွဲကို စိတ်ချလက်ချ ထိုင်ကြည့်နေလို့ရပြီ။ အနိုင်မရခဲ့ရင်တော့ အိမ်ရှင်အသင်းရဲ့ ပွဲစဉ်ကို စောင့်ကြည့်နေရပါဦးမယ်”လို့ မြန်မာ ယူ၂၂ အသင်းနည်းပြချုပ် မိုက်ကယ်က ပြောတာကို MFF Website မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာ ယူ၂၂ အသင်းဟာ ဆီမီးဖိုင်နယ်တက်ဖို့ အရေးကြီး ပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ပွဲစဉ်ကို လာမဲ့ မေလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် Smart RSN Stadium ကွင်းမှာ ကစားရမှာဖြစ်ပြီး အိမ်ရှင် ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား ပွဲစဉ်နဲ့အပြိုင် တစ်ချိန်တည်း ယှဉ်ပြိုင်ရမှာပါ။
လက်ရှိ SEA Games မှာ မြန်မာအသင်းဟာ အိမ်ရှင်ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောတို့နဲ့ ကျရောက်နေပြီး အိမ်ရှင်အသင်းက ရမှတ် ၄ မှတ်၊ အင်ဒိုနီးရှားက ရမှတ် ၉ မှတ်၊ မြန်မာအသင်းက ရမှတ် ၆ မှတ်ပါ။ အိမ်ရှင်ကမ္ဘောဒီးယားဟာ အင်ဒိုနီးရှားကို အနိုင်ကန်နိုင်ပြီး မြန်မာက ဖိလစ်ပိုင်ကိုသရေကျရင် ကမ္ဘောဒီးယားက နောက်တစ်ဆင့်တက်သွားမှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ ဖိလစ်ပိုင်ကို မဖြစ်မနေအနိုင်ရအောင်ကန်ဖို့ လိုအပ်နေတာပါ။
” ကျွန်တော်တို့အားလုံး နည်းပြကြီး မှာကြားထားသလို ကစားနိုင်ခဲ့တယ်။ ပထမပိုင်း ကစားပုံ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကျွန်တော်တို့ အိမ်ရှင်အသင်း ချေပဂိုးရဖို့ ကြိုးစားတာကို စနစ်တကျ ဟန့်တားနိုင်ခဲ့တယ်။ ဒီပွဲ အနိုင်အတွက် ပျော်ပါတယ်။ အုပ်စုတက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်” လို့ ဒီနေ့ပွဲအတွက် သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့တဲ့ ဟိန်းထက်အောင်က ပြောပါတယ်။
Ref; MFF