October 18, 2024

၈. ၅. ၂၀၂၃
Written by Naing Thuta

ဆိုင်သိမ်းပြီး ဆိုင်ကယ်ဖြင့်တစ်ဦးတည်းပြန်လာသော အမျိုးသားထံမှ နောက်ကကပ်ပါလာသောလူ ၂ ဦးက ရွှေထည်အတုံးဖြတ်စ ၃ စထည့်ထားသည့်အိတ်နှင့် ဖုန်းတစ်လုံးအား လုယက်ထွက်ပြေးမှု မန္တလေးတွင် ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက် ည ၇ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်တွင်နေထိုင်သည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် အောင်မြေသာစံမြို့နယ်၊ ၇၇ လမ်းနှင့် ၁၁ လမ်းထောင့်တွင် ဖွင့်လှစ်ထားသော “နေခြည်ဆန်း‌” ရွှေရောင်းဝယ်ရေးဆိုင်သိမ်းပြီး ဆိုင်ကယ်ဖြင့်အိမ်သို့ပြန်လာစဉ် ၈၄ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားအရောက် အိမ်လမ်းသို့ကွေ့ရန် ပြင်ဆင်နေချိန်တွင် အနောက်မှကပ်လိုက်လာသော ဆိုင်ကယ်တစ်စီးနှင့် လူငယ် ၂ ဦးက ၎င်း၏အိတ်ထောင်အတွင်း ကပ်ခွာအိတ်အကြည်ဖြင့်ထည့်ထားသော ရွှေထည်အတုံးဖြတ်စ ၃ စ (၃ ကျပ်နှင့် ၁၂ပဲ)ခန့်နှင့် VIVO အမျိုးအစား အဖြူရောင်ဖုန်းနံပါတ်(၀၉-၂၀၂၀၅၀၅) ပါ ဖုန်း ၁ လုံးအားလုယက်နှိုက်ယူပြီး ၈၄ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ပျောက်ဆုံးသူအမျိုးသား၏ ပြောပြချက်အရ သိရသည်။

အဆိုပါလုယက်ခံရမှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့သို့လည်း တိုင်ကြားပြောဆိုထားသည်ဟုလည်း သိရသည်။ ယခုဆိုလျှင် မန္တလေးမြို့ပေါ်တွင် မကြာခဏဆိုသလို လုယက်သတ်ဖြတ်မှုများဖြစ်ပွားလျှက်ရှိနေကြောင်း မြို့ခံများမှ MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *