October 18, 2024

NLD ပါတီဝင်ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု NUG ကိုင်တွယ်နေပြီး လွဲမှားအားနည်းမှုအတွက် NUG ကို အပြစ်တင်ရန် NUG ဝန်ကြီးဦးအောင်မျိုးမင်း တောင်းပန်

၈. ၅. ၂၀၂၃
Written by Nay Moe

ရန်ကုန်တက္ကသိုလ်မှ CDM တွဲဘက်ပါမောက္ခ ဒေါက်တာဒေါ်….၏ ငါးနှစ်အရွယ်သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သူ NLD ပါတီအတွင်းရေးမှူး အောင်မင်း အား NUG က ဖမ်းဆီးထားသော်လည်း ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းထွက်ပေါ်နေကြောင်းနှင့် ထို NLD ပါတီဝင်ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုကို NUG က ကိုင်တွယ်နေပြီး လွဲမှားအားနည်းမှုများအတွက် NUG ကိုသာ အပြစ်တင်ပါရန် NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းကတောင်းပန်ထားသည်။

ထိုဖြစ်စဥ်မှာ ရန်ကုန်တက္ကသိုလ် ရေနှင့်ပတ်ဝန်းကျင်ပညာဌာန၏ တွဲဘက်ပါမောက္ခအဖြစ်မှ CDM ပြုလုပ်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေါက်တာဒေါ်….၏ ငါးနှစ်အရွယ်သမီးငယ်အား ယင်းကဲ့သို့ပင် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသည့် NLD ပါတီဝင် အတွင်းရေးမှူးတစ်ဦးက သက်ငယ်မုဒိမ်းပြုကျင့်သဖြင့် NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနသို့ မေလ ၂ ရက် ရက်စွဲဖြင့် တိုင်ကြားခဲ့သည်။ အဆိုပါ တိုင်ကြားစာတွင် ထို CDM တွဲဘက်ပါမောက္ခ၏ သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သူမှာ “တွံတေးမြို့နယ် NLD ပါတီအလုပ်အမှုဆောင်၊ အတွင်းရေးမှူး အောင်မင်း” ဆိုသူဖြစ်ကြောင်း ဖော်ပြထားပြီး သက်ငယ်မုဒိမ်းပြုကျင့်သူ အောင်မင်းကို NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနက မဲဆောက်မြို့အထိ ဝင်ရောက်လက်ထိပ်ခတ်ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ထိုသို့ NUG က သက်ငယ်မုဒိမ်းပြုကျင့်သူအောင်မင်းကို မဲဆောက်မြို့အထိ ဝင်ရောက်ဖမ်းဆီးမှုအပေါ် ထွက်ပြေးတိမ်းရှောင်နေသူဖြစ်သလို NLD ပါတီ၏ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဒေါ်နီနီမိုးက “ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူ ဘယ်သူမှားတယ်၊ မှန်တယ် မသိသေးပေမဲ့ ဖမ်းပုံဖမ်းနည်းက အများပြောစရာဖြစ်နေပါတယ်။ ဥပဒေကို လေးစားလိုက်နာပါတယ်ဆိုတဲ့ ကျမတို့အစိုးရ NUG လက်အောက်ခံ ပြည်ထဲရေးဌာနက သူများနိုင်ငံမှာ အိမ်ဝန်းထဲ ကားနဲ့အတင်းဝင်ရောက်လာတယ်။ အတင်းဝင်ဖမ်း ၊ အတင်းချုပ်နှောင်ပီး လက်ထိပ်ခပ်ခေါ်ဆောင်သွားတာကတော့ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့လုပ်ရပ်လို့ မြင်ပါတယ်” ဟု ဝေဖန်ထားသည်။

NLD ပါတီ အတွင်းရေးမှူး အောင်မင်း၏ သက်ငယ်မုဒိမ်းပြုကျင့်မှုဖြစ်စဥ်မှာ CDM တွဲဘက်ပါမောက္ခသည် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ပြီးနောက် Online မှ စာသင်ကြားသော်လည်း ဝင်ငွေနည်းပါးသဖြင့် မဲဆောက်မြို့ရှိ Queen Palace ဟိုတယ်အနီး အခန်းကျဥ်းတစ်ခုကို ဘတ် ၂၅၀၀ ဖြင့်ငှားရမ်းနေထိုင်ခဲ့ရာ ထိုအိမ်တွင် ငှားရမ်းနေထိုင်သူမိသားစုလေးစုမက ရှိသဖြင့် ရေချိုး၊ အိမ်သာသုံးချိန်တွင် သက်ငယ်မုဒိမ်းမှုကျုးလွန်သူ အောင်မင်း၏ အခန်းကိုဖြတ်သွားရကြောင်း၊ ထိုသို့ဖြတ်သွားချိန်တွင် အောင်မင်းသည် ငါးနှစ်အရွယ်သမီးငယ်ကို နှုတ်ခမ်းစုပ်ခြင်း၊ ကလေးငယ်နှင့်အပြိုင် လိုက်ဝင်အပေါ့သွားခြင်း၊ ဘောင်းဘီချွတ်ပြကာ ကလေးငယ်ကို ငယ်ပါပြခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားသည်။

ထို့အတွက် ငါးနှစ်အရွယ်သမီးငယ်အား CDM သူနာပြုဆရာမနှင့် ကနဦးစစ်ဆေးရာ ကလေးငယ်၏မိန်းမကိုယ်မှာ လက်၊ လိင်အင်္ဂါဖြင့်ထိုးသွင်းထား၍ အပေါက်ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် Suwannimit ဖောင်ဒေးရှင်းအကူအညီဖြင့် မဲဆောက်ဆေးရုံတွင် ဆေးစစ်ခဲ့ကြောင်း၊ ထို NLD ပါတီအတွင်းရေးမှုးက သက်ငယ်မုဒိမ်းပြုကျင့်မှုမှာ ယခုနှစ် သင်္ကြန်ကာလက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထိုတိုင်ကြားအပြီး အောင်မင်းကို NUG က ဖမ်းဆီးခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းထွက်နေပြီး ထိုအခြေအနေများအပေါ် NUG ၏ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက ” မဲဆောက် ကလေးအမှုကို NUG က ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ လွဲမှားမှု အားနည်းမှုရှိရင် NUG ကို အပြစ်တင်ပါ။ ကလေးငယ်နဲ့ မိသားစုဝင်တွေရဲ့ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ခံစားရတဲ့သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုင်းပေါ်
မတင်ကြဖို့နဲ့ပြန်ဖြုတ်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်” ဟု တောင်းပန်ထားသည်။

ကလေးငယ်၏ မိခင် ဒေါက်တာဒေါ်…မှာ ထိုင်းရဲထံတွင် အမှုမဖွင့်လိုသော်လည်း မဲဆောက်ကလေးဆေးရုံတွင် သမီးငယ်အား သက်ငယ်မုဒိမ်းပြုကျင့်ခံရခြင်း ရှိမရှိ ဆေးစစ်ခဲ့သဖြင့် သက်ငယ်မုဒိမ်းတရားခံအောင်မင်းကို ထိုင်းပြည်သူများရှေ့တွင် လက်ထိပ်ခတ်ဖမ်းဆီးခဲ့သည့် NUG ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ရပ်မှာ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသကဲ့သို့ လုပ်ရပ်ဖြစ်နေသဖြင့် ထိုင်းအစိုးရနှင့် ထိပ်တိုက်တိုးနိုင်၍ အောင်မင်းကို ပြန်လွှတ်ပေးရခြင်းဖြစ်ဖွယ်ရှိကြောင်းနှင့် အောင်မင်းကို NUG က ထိုင်းရဲထံအပ်နှံပါက ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများအတိုင်း စီရင်ဖွယ်ရှိကြောင်းသိရသော်လည်း လက်ရှိအချိန်တွင် သက်ငယ်မုဒိမ်းပြုကျင့်သူ ​အောင်မင်းအား အပြစ်ပေးမှု၊ ပြန်လွှတ်ပေးမှုနှင့် ပတ်သက်ပြီး NUG က တရားဝင်သတင်းထုတ်ပြန်လာခြင်း မရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *