October 18, 2024

၇.၅.၂၀၂၃
MT News

နှစ်နှစ်ကျော်လောက် ပရိသတ်ရှေ့က ပျောက်နေခဲ့တဲ့ မိန်းကလေး ပရိသတ်တွေရဲ့အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ကတော့ မေလ ၆ ရက်ဟာ သူ့ရဲ့ ဂီတညလို့ထင်မှတ်ရလောက်အောင် Surprise အကြီးကြီးကို တိုက်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ Frenzo Production က ၂၀၂၀ အတွက် “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအပြင်  အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုက ကိုဖြိုးကျော် ၊ အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆုကို ဒါရိုက်တာမီးပွားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို သူကိုယ်တိုင် သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

“၂၀၂၀ ပြည့်နှစ်အတွက် ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ကနေပြီးတော့ အကောင်းဆုံးဇာတ်ကားဆုရရှိခဲ့တဲ့အတွက် ကျွန် တော်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဇာတ်ကားမှာပါဝင်တဲ့ ဇာတ်လမ်းဆရာ၊ ဇာတ်ညွှန်းဆရာ ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး။ ပြီးတော့ ပါဝင်တဲ့ သရုပ်ဆောင်များ၊ စက်အဖွဲ့သားများ၊ ပါဝင်တဲ့ အတတ်ပညာရှင်၊ အနုပညာရှင်တွေ၊ ဂီတဆရာတွေ၊ သီချင်းဆရာတွေ၊ အဆိုတော်တွေ အကုန်လုံးကို ကျေးဇူး အများကြီးတင်ပါတယ်။ ဇာတ်ကားရိုက်တဲ့ အချိန်ကနေ ပြသတဲ့အချိန်ထိ အဖက်ဖက်ကနေ ကူညီပေးခဲ့ကြတဲ့ ကျေးဇူးရှင်များ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ကားကို ရုံတင်ပြသပေးခဲ့ကြတဲ့ ရုပ်ရှင်ရုံများကိုလည်း ကျေးဇူးတင်ပါတယ်။ စာနယ်ဇင်း ဆရာ၊ ဆရာမတွေကိုလည်းကျေးဇူးတင်ပါတယ်။အထူးသဖြင့် ကျွန်တော်တို့ ဇာတ်ကားကို အားပေးကြည့်ရှုခဲ့ကြတဲ့ ဧည့်ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ ကျွန်တော် နာမည်ကျန်ခဲ့မှာဆိုးလို့ တစ်ယောက်ခြင်း မပြောတာကို နားလည်ပေးပါ ခင်ဗျာကျေးဇူးတင်ပါတယ်”လို့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုရရှိသူတွေကလည်း ပရိသတ်ထင်မှတ်မထားလောက်အောင် ရှု့ထောင်ပေါင်းစုံက ဆုတွေချီးမြှင့်ခံခဲ့ရတာလည်း တွေ့ရပါတယ်။

ပရိသတ်နဲ့ ရင်ဘတ်ချင်းမတူဘဲ ဆုတချို့ လွဲချော်သွားတဲ့ အနုပညာရှင်တွေလည်းရှိပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ဆုပေးပွဲကြီးတွေမှာ ဆုတွေ ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတချို့လည်း အကယ်ဒမီ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပေမယ့် အသိအမှတ်ပြုခြင်း မခံရတာတွေလည်း ရှိခဲ့ပါတယ်။

သူ့ကို ဝေဖန်တိုက်ခိုက် Boycott လုပ်ဖို့ လှုံ့ဆော်နေသူတွေကို ဘာတစ်ခုမှ မတုံ့ပြန်ဘဲ ပရိသတ်မြင်ကွင်းက လုံးဝပျောက်သွားခဲ့တာကြောင့် တိုက်ခိုက်ပုပ်ခတ်သူတွေကိုယ်တိုင်က သူက ငါတို့ပြန် Boycott တာလားလို့ ပြန် Troll ရတဲ့အထိ တည်ငြိမ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို အကယ်ဒမီနဲ့မြင်တွေ့ချင်နေကြတဲ့ ပရိသတ်တွေတချို့ရဲ့ ရင်ခုန်သံတွေ ထပ်တူကျခဲ့တဲ့ ညချမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

တစ်ချိန်က ဆဲဆိုပုပ်ခတ် ဝေဖန်တိုက်ခိုက်တဲ့ အနုပညာရှင်တွေတောင် မျက်နှာပြောင်တိုက်ပြီး အနုပညာတွေ ပြန်လုပ်လာချိန်မှာ ဘယ်သူ့ကိုမှ မတိုက်ခိုက်၊ ဘယ်သူ့ကိုမှ မပုပ်ခတ်၊ သူ့ကို Boycott လုပ်တာကိုလည်း နားလည်ခွင့်လွှတ်ပေးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ကိုချစ်တဲ့ ပရိသတ် သန်းချီအတွက် 
သူ့ရဲ့ ဂီတပိုင်းဖြစ်တဲ့ တေးရေး တေးဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းတွေကိုလည်း ပရိသတ်တွေ စောင့်မျှော်နေသလို ဘယ်လိုတွေ ဆက်လက် ထွက်ပေါ်လာဦးမလဲဆိုတာ‌ ကိုတော့ စောင့်မျှော်ကြည့်ရဦးမှာဖြစ်ပါတယ်။

#SaiSaiKhamLeng #SaiSai
#academy #mtnews #mtnews_entertainment  #myanmar_transparency_news_ရုပ်သံ
#myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *