October 18, 2024

၆. ၅. ၂၀၂၃
Written by Pan Ei

၁၉၅၉ ခုနှစ်က အရှေ့တောင်အာရှကျွန်းဆွယ် (SEAP) အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက် နှစ်နှစ်တစ်ကြိမ် အားကစားပြိုင်ပွဲတွေကို ကျင်းပလာခဲ့တာဖြစ်ပြီး ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို ကမ္ဘောဒီးယားနိုင်ငံက ပထမဆုံးအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်သလို ဖွင့်ပွဲအခမ်းအနားကိုတော့ မေလ ၅ ရက်၊ သောကြာနေ့ညက ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။

ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာရှိပြီး တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၆၀ အကုန်အကျခံ တည်ဆောက်ပေးထားတဲ့ လူပေါင်း ၆ သောင်းကျော်ဆံ့ အားကစားကွင်းသစ်ကြီးမှာ ကျင်းပခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၁၁ နိုင်ငံက အားကစားသမားတွေနဲ့ တာဝန်ရှိသူ လူပေါင်း ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘောဒီယားဆီးဂိမ်းစ်မှာ Kun Khmer (ကွမ်းခမာ)၊ Kun Bokator (ကွမ်းဘိုကတော)၊ Xiangqi (တရုတ်စစ်တုရင်)၊ Ouk Chaktrang (ကမ္ဘောဒီးယားစစ်တုရင်)၊ ရေကူးအားကစား၊ Teqball (တက်ဘော)စတဲ့ အားကစားနည်းတွေ အပါအဝင် အားကစားနည်းပေါင်း ၃၈ မျိုးကို ထည့်သွင်းထားပြီး ရွှေတံဆိပ်ဆုပေါင်း ၅၈၄ ခု ပေးအပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့လည်း ဆုတံဆိပ် ဇယားမှာ ပထမဆုံးအကြိမ်အနေနဲ့ သမိုင်းဝင်အောင်မြင်မှုတွေရရှိအောင် ပြုလုပ်လိုတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ၂၀ ရာစုနှောင်းပိုင်းကာလတစ်လျှောက် နိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို အရင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးတာ မရှိပါဘူး။

ဒါ့အပြင် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကြောင့် အကျိုးကျေးဇူးတွေရရှိလာနိုင်ကြောင်းကို “ဒီအားကစားပြိုင်ပွဲဟာ အားကစားပိုင်းကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ ကိုဗစ်ကပ်ရောဂါအလွန်ကာလမှာ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးနိုင်မှာပါ” လို့ အမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ခရီးသွားဝန်ကြီး သောင်ခွန်က ပြောကြားခဲ့ပါတယ်။

ပါလီမန်ရွေးကောက်ပွဲတွေမတိုင်မီ နှစ်လအလိုမှာ ကျင်းပနေတဲ့ ဆီးဂိမ်းအားကစားပွဲကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အစိုးရအဖွဲ့က တိုင်းပြည်တည်ငြိမ်ရေးကို ပြသဖို့ စိတ်အားထက်သန်နေပြီး အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဆီးဂိမ်းအားကစားပွဲလက်မှတ်တွေကို အစိုးရက အလကားပေးထားပြီး ကျောင်းတွေနဲ့ တက္ကသိုလ်တွေအားလုံးကို တစ်လပိတ်ထားတာကြောင့် ကျောင်းသားတွေအနေနဲ့ အားကစားပြိုင်ပွဲတွေကို ကြည့်ရှုနိုင်ကြမှာပဲ ဖြစ်ပါတယ်။

မေလ ၅ ရက်ကနေ ၁၇ ရက်အထိကျင်းပသွားမယ့် ၂၀၂၃ ဆီးဂိမ်းစ်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယားအနေနဲ့ အားကစားသမား ၈၉၆ ဦးနဲ့ ပါဝင်မှုအင်အားအများဆုံးဖြစ်ပြီး အားကစားနည်း ၁၉ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် မြန်မာအားကစားအဖွဲ့အနေနဲ့ အားကစားသမားပေါင်း ၃၄၁ ဦး ပါဝင်သွားမှာ ဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့အနေနဲ့ ၂၀၂၃ ဆီးဂိမ်းစ်မှာ ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ် ၂၉ ခု၊ ကြေးတံဆိပ် ၃၆ ခု ရရှိဖို့ မျှော်မှန်းထားကာ လက်ရှိယှဉ်ပြိုင်မှု အခြေအနေတွေအရ မေလ ၆ ရက် နေ့လည်အထိ မြန်မာအသင်းအနေနဲ့ ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁ ခုနဲ့ ကြေးတံဆိပ် ၄ ဆု ရရှိထားပြီး ဖြစ်ပါတယ်။

Ref; Bangkok Post, Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *