October 18, 2024

၆. ၅. ၂၀၂၃
Written by Nay Moe

နေပြည်တော်တွင် သုံးနှစ်စာအတွက် အကယ်ဒမီပေးပွဲကျင်းပမည့် ယနေ့ မေလ ၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

SAC အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် နေပြည်တော်တွင် ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ် သုံးနှစ်စာအတွက် အကယ်ဒမီပေးမည့်အပေါ် NUG နှင့် PDF များက နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက် ယနေ့ အကယ်ဒမီပေးပွဲကျင်းပမည့်နေ့တွင် ထိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက် ၁၁ နာရီလောက်က ဖြစ်သွားတာ။ အိမ်ထဲမှာ ဟင်းချက်နေတဲ့အချိန် အသံအကျယ်ကြီးနဲ့ ပေါက်ကွဲသွားတာ။ ဖြစ်သွားတာကတော့ လမ်းမဘက်ကနေ လှမ်းပစ်ထည့်သွားတာ။ ရုပ်ရှင်အစည်းအရုံးက အရင် Morning Star ကော်ဖီဆိုင်ဖွင့်ထားတဲ့နား ကျသွားတာ။ အပြင်ကနေ ပစ်ထည့်သွားတာကိုလည်း မြင်လိုက်တဲ့သူတွေ ရှိတယ်ပြောတယ်။ ထိခိုက်တာတွေတော့ မကြားရဘူး။ ဒါပေမဲ့ အခုထိတော့ လမ်းထဲမှာ စစ်ကားတွေနဲ့ ရဲကားတွေ ရှိနေတုန်းပဲ။ အစည်းအရုံးထဲမှာလည်း စစ်ဆေးနေတုန်းပဲ”ဝင်္ကပါလမ်းတွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

MT News သတင်းဌာန၏ ကနဦးစုံစမ်းမှုအရ ထိုသို့ ဗုံးပစ်ခတ်တိုက်ခိုက်ခံရမှုမှာ နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ကြီးကြီးမားမားထိခိုက်မှုမရှိကြောင်းနှင့် လက်ရှိအချိန်အထိ လုံခြုံရေးတာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *