October 30, 2024

MT News

Written by Nay Moe

ချင်းအမျိုးသား အဖွဲ့ချုပ်/ ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က ပြည်သူများထံမှ ငွေကြေးကောက်ခံနေသည်ဆိုသည်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ချင်းအမျိုးသားအဖွဲ့ချူပ်သည် စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ဖလမ်းမြို့နယ်နှင့် ကလေး-ကဘော်‌ ‌‌ဒေသအတွင်း နေထိုင်သည့် မျိူးနွယ်စုအားလုံးပါဝင်လျက် ကျယ်ပြန့်စွာဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သဖြင့် လက်ရှိဖလမ်းမြို့နယ် နယ်နမိတ်အတွင်း အုပ်ချုပ်ရေးကိစ္စအဝဝကို စီမံပိုင်ခွင့်ရှိသည့် တစ်ခုတည်းသောအဖွဲ့အစည်း ဖြစ်သည်။

CNO/CNDF မှ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်းနှင့် မိမိတို့လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်းတွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် CNDF တပ်သားများအားလုံးထံ အမိန့်ထုတ်ပြန်ထားပြီးဖြစ်သည်။

ပြည်သူများမှ မေတ္တာဖြင့်ပေးကမ်းလာသော လက်ဆောင်များပင် အဖွဲ့ခေါင်းဆောင်ထံသို့ အသိပေး အ‌ကြောင်းကြားပြီးမှသာ စနစ်တကျလက်ခံရန် မိန့်ကြားထားပြီးဖြစ်သည့်အတွက် လမ်းမကြီးတလျှောက် တပ်စွဲသည့်နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူများထံ အခွန်ကဲ့သို့လည်းကောင်း၊ ဆက်ကြေးကဲ့သို့သော်လည်းကောင်း ငွေကြေးကောက်ခံခြင်း တစ်စိုးတစ်စဉ်းမျှ မရှိခဲ့ပါ။ ကလေး-တီးတိန်-တီအိုချောင်း လမ်းမတလျှောက်တွင် မိမိတို့ CNO/CNDF မှ တပ်စွဲထားခြင်း မရှိသကဲ့သို့ ပြည်သူများထံမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်း လုံးဝ (လုံးဝ) မရှိပါ။ သို့သော် မိမိတို့ CNO/CNDF အမည်နာမကို အလွဲသုံးစားလုပ်၍ လမ်းမကြီးတွင် ငွေကြေးကောက်ခံနေကြောင်း ပြည်သူများထံမှ ကြားသိရသည်။

အထက်တွင် ဖော်ပြသကဲ့သို့ ဖလမ်းမြို့နယ်အတွင်း စစ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခွန်ကောက်ခံရေး ကိစ္စအဝဝတွင် မိမိတို့ CNO/CNDF သည်သာ စီမံပိုင်ခွင့်ရှိသည့်အလျောက် မိမိတို့ အမည်နာမကို အသုံးပြုလျက် ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်လာပါက ထိုကဲ့သို့ လုပ်ရပ်များသည် တရားဝင်မှု မရှိကြောင်းနှင့် လုပ်ဆောင်သူများက မိမိတို့လုပ်ရပ်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်အပ်ပါသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *