MT News
Written by Pan Ei
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်) ကို ဒီနေ့ မေလ ၅ ရက်နေ့က စ မေလ ၁၇ ရက်အထိ ကျင်းပတော့မှာဖြစ်ပြီး အားကစားအမျိုးအစားပေါင်း ၃၀ ကျော်ကို နိုင်ငံအသီးသီးက ကျွမ်းကျင်ကစားသမားတွေ ပါဝင်ယှဥ်ပြိုင်ကစားသွားကြတော့မှာပဲ ဖြစ်ပါတယ်။
ဆီးဂိမ်းစ်မှာ အိမ်ရှင်နိုင်ငံတွေရဲ့ နှစ်သက်သဘောကျတဲ့ အားကစားနည်းတွေပါဝင်တဲ့ လိုက်လျောညီထွေမှုရှိတဲ့ အစီအစဥ်တွေပါဝင်ပြီး ဒေသတွင်းနဲ့ ကိုက်ညီတဲ့ အသစ်အသစ်သော စည်းကမ်းတွေကိုလည်း ခွင့်ပြုလေ့ရှိပါတယ်။
ဒီနေ့ကစပြီး စတင်ကျင်းပသွားတော့မယ့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲမှာ ပုံမှန်မဟုတ်သလို ထူးဆန်းတဲ့ အားကစားပြိုင်ပွဲတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Kun Khmer (ကွမ်းခမာ)
ဆီးဂိမ်းစ်မှာ ထိုးနှက်ချက် လေးမျိုးဖြစ်တဲ့ လက်သီး၊ ခြေထောက်နဲ့ကန်ခြင်း၊ တံတောင်ဆစ်နဲ့ထိုးခြင်း ဒူးနဲ့တိုက်ခြင်း စတာတွေနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ကွမ်းခမာ (သို့မဟုတ်) Pradal Serey ပါ၀င်ပြီး ထိုင်းနိုင်ငံရဲ့ ကိုယ်ခံပညာအားကစားတစ်ခုဖြစ်တဲ့ မွေထိုင်းကို ဖြုတ်ချခဲ့တဲ့အတွက် ထိုင်းပရိသတ်တွေနဲ့ တာဝန်ရှိသူတွေက စိတ်ပျက်နေကြပါတယ်။
ကွမ်းခမာက မွေထိုင်းလို့ ထိုင်းလူမျိုးတွေက ဆိုပေမဲ့လည်းကမ္ဘောဒီးယားလူမျိုးတွေက ဒါဟာ သူတို့ရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ငြင်းခုန်ကြနေကြပြီး ကွမ်းခမာဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတာမဟုတ်လို့ ထိုင်းက ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
၂။ Kun Bokator (ကွန် ဘိုကတော)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက အရှေ့တောင် အာရှဒေသအများအပြားကို ပြန့်နှံ့ခဲ့တဲ့ ခမာအင်ပါယာရဲ့ စစ်သည်တွေဆီကနေ ဆင်းသက်လာခဲ့တယ်လို့ ယူဆရတဲ့ Kun Bokator ဟာ ကမ္ဘောဒီးယားရဲ့ ကိုယ်ခံပညာအားကစားနည်းတစ်ခု ဖြစ်ပါတယ်။
ရှေးဟောင်းစစ်မြေပြင် ကိုယ်ခံပညာအားကစားနည်းတစ်ခုဖြစ်တဲ့ Kun Bokator ကို မနှစ်က ယူနက်စကိုရဲ့ လူတွေမမြင်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း (ဒြပ်မဲ့ယဥ်ကျေးမှူအမွေအနှစ်) မှာ ထည့်သွင်းခံခဲ့ရပြီး တစ်နှစ်အကြာမှာတော့ ဆီးဂိမ်းစ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။
ကမ္ဘောဒီးယားအနေနဲ့ Kun Bokator မှာ သိသိသာသာ အသာစီးရနိုင်ပေမဲ့လည်း အိမ်ရှင်နိုင်ငံရဲ့ အနိုင်ကို ရယူနိုင်နေတဲ့ နိုင်ငံခြားသားတွေထဲမှာ ဖိလစ်ပိုင် MMA ကြယ်ပွင့် Mark Striegl အပါအဝင် ဖြစ်ပါတယ်။
၃။ Teqball (တက်ဘော)
ဘောလုံးအားကစားတစ်မျိုးဖြစ်တဲ့ Teqball ဟာ ဘောလုံးနဲ့ စားပွဲတင်တင်းနစ်ကို ပေါင်းစပ်ထားတဲ့ အားကစားဖြစ်ပြီး ဟန်ဂေရီနိုင်ငံက ၂၀၁၂ ခုနှစ်တုန်းက တီထွင်ခဲ့တာ ဖြစ်ပါတယ်။
အားကစားသမားတွေရဲ့ သွက်လက်မှု၊ သက်လုံကောင်းမှုတွေနဲ့အတူ စားပွဲကွေးတစ်ခုပေါ်ကို ကျော်ကန်ရတဲ့ Teqball ဟာ တစ်သင်းကို ၂ ယောက် ယှဉ်ပြိုင်ကြရပြီး အခု ဆီးဂိမ်းစ်မှာတော့ သရုပ်ပြအားကစားနည်းတစ်မျိုးဖြစ်ပါတယ်။
၄။ Arnis (အာနစ်)
ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသားအားကစားဖြစ်ပြီး တုတ်အသုံးပြုရတဲ့ ကိုယ်ခံပညာအားကစား Arnis အာနစ်ဟာ ၂၀၂၃ ခုနှစ် ဆီးဂိမ်းစ်မှာ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲတွေမှာ ထည့်သွင်းခဲ့တဲ့ အားကစားနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။
ကိုယ်ခံပညာအားကစားနည်းတစ်ခုဖြစ်တဲ့ Arnis မှာ ကိုယ် ထည် ချပ်ဝတ်တန်ဆာနဲ့ ခမောက်တွေဆောင်းထားတဲ့ ကစားသမားနှစ်ဦးဟာ Ratan နဲ့ ပြုလုပ်ထားတဲ့ နံပါတ်တုတ်နဲ့ အချင်းချင်း ထိမှန်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
၅။ Chinlone (ခြင်းလုံး)
မြန်မာ့ခြင်းလုံးအားကစားဟာ ကြိမ်နဲ့ ယက်လုပ်ထားတဲ့ ဘောလုံး အသုံးပြုကာ ယှဉ်ပြိုင်ရတာဖြစ်ပြီး သွက်လက်တဲ့ စွမ်းရည်၊ ခြေထောက်နဲ့ ခတ်ရတဲ့ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။
မြန်မာနိုင်ငံက ကျေးရွာတွေမှာ အလွန်ရေပန်းစားတဲ့ ကစားနည်းဖြစ်ပြီး အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရတဲ့ ကစားနည်းတစ်ခုဖြစ်ကာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲမှာ စတင်ထည့်သွင်းခဲ့တဲ့ အားကစားနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။
တစ်ပွဲစီမှာ နှစ်ဖက်အသင်းက ကစားသမားခြောက်ဦးဆီက ၁၀ မိနစ်စာ ယှဉ်ပြိုင်ကြရပြီး ပထမနှစ်ပွဲအနိုင်ရရှိဖို့ ယှဉ်ပြိုင်ကစားကြရမှာပဲ ဖြစ်ပါတယ်။
Ref; Bangkok post