MT News
Written by Naing Thuta
ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်တွင် အလုပ်သမားလုပ်ဖူးသူက အိမ်ရှင်မိသားစုအား ရန်ပြုသတ်ဖြတ်ရာမှ အိမ်ရှင်အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ အောက်တိုဘာ ၁၂ ရက်တွင် သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုး(မြောက်)ရွာ၊ အိမ်အမှတ်(…)နေအိမ်တွင် အောက်တိုဘာ ၁၃ ရက် နံနက် ၆ နာရီခွဲဝန်းကျင်ခန့်က ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အသက် ၂၀ ကျော်ခန့်ရှိသော အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦးတို့ ဒဏ်ရာအသီးသီးရရှိ၍ အသက် ၅၁ နှစ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦး နေရာတွင်ပွဲချင်းပြီးသေဆုံးနေကြောင်းကို ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံသို့ မေးမြန်းချက်အရ သိရသည်။
” မနက်အာရုံတက်ချိန်လောက်က သတ်သွားတာ ဖြစ်မယ်ထင်တယ်။ တစ်ဦးသေပြီး သုံးဦးတော့ ဒဏ်ရာရတယ်။ အဲ့အိမ်က အော်သံကြားလို့ ဝိုင်းဖမ်းလိုက်တာ တရားခံတော့မိသွားတယ်။ သတ်တဲ့ကောင်က အရင်သူတို့အိမ်မှာ အလုပ်လုပ်ဖူးတဲ့သူလို့ ပြောတာပဲ၊၊ သေသွားတဲ့အမကြီးက စျေးရောင်းတဲ့အလုပ်လုပ်ပြီး ဒဏ်ရာရတဲ့ သူ့သားက တံဆိပ်ရိုက်အလုပ်လုပ်တာ။ သူ့သမီးကတော့ သူနဲ့စျေးအတူရောင်းတာဖြစ်ပြီး ဘာကြောင့်သတ်တယ်လို့တော့ အသေအချာမသိရသေးဘူး။ ခုတော့ သက်ဆိုင်ရာ ရဲတွေက ဖမ်းသွားပါပြီ” ဒေသခံတစ်ဦးက ပြောသည်။
၎င်းဓားထိုးမှုတွင် အသက် ၂၈ နှစ်ဝန်းကျင်ရှိ တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်သူ ဦး……….သည် ဘယ်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)နှင့် အသက်(၂၂)ဝန်းကျင်ခန့်ရှိသော စျေးရောင်းလုပ်ကိုင်သူ မ……….တွင် လက်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ဖြင့် အသီးသီးဒဏ်ရာရှိခဲ့ကြောင်းနှင့် အသက် (၅၁)နှစ်ခန့်ရှိသော စျေးရောင်းလုပ်ကိုင်နေသူ ဒေါ်………..သည် ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံဘေးဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မေးစေ့ယာဘက်ပွန်းပဲ့ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်းနှင့် ၎င်းတို့ကို ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှု အသင်းမှ ကား ၃ စီးဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု ရဲနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဓားနှင့်ထိုးသတ်သူမှာ အခင်းဖြစ်သည့်နေအိမ်တွင် လွန်ခဲ့သော ၇ နှစ်ခန့်က စျေးရောင်းလုပ်ကိုင်ဖူးသူတစ်ဦးဖြစ်ပြီး အသက် ၄၇ နှစ်ဝန်းကျင်ခန့်ရှိသော ဦး……..ဖြစ်ကြောင်းနှင့် ၎င်းကို ပတ်ဝန်းကျင်မှ ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တရားခံသည် ဝဲ/ယာနဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနဖူးယောင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြတ်ရှဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်းနှင့် ၎င်းအား တာဝန်ရှိသူများမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ထားကြောင်းသိရသည်။ မည်သည်အတွက်ကြောင့် ဓားဖြင့်ဝင်ထိုးရသည့် အကြောင်းအရာကို မသိရှိရသေးဘဲ စစ်ဆေးဆဲသာဖြစ်ကြောင်းကို ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” သတ်ဖြတ်တဲ့သူက ဒဏ်ရာတွေနဲ့ သတိလစ်နေတာ။ သူ့ကိုစစ်ပြီးမှ သူ ဘာကြောင့်သတ်တာလဲသိရမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။