◾️SAC၊ EAOs၊ NUG စသည့် မြန်မာ့အရေးတွင် ပါဝင်ပတ်သက်သူများအားလုံးပါဝင်သည့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အင်ဒိုနီးရှား ကြိုးပမ်းနေပြီး NUG က ပူးပေါင်းနေ
၅. ၅. ၂၀၂၃
Translated by Htwe Ko Tun
အင်ဒိုနီးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံပဋိပက္ခတွင် အဓိကပါဝင်နေသူများအားလုံးနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ ထိုင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့်ပါ လပေါင်းများစွာ တိတ်တဆိတ် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အားထုတ်လျက်ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆုဒီ က မေလ ၅ ရက်တွင် ပြောသည်။
၎င်းက Reuters သတင်းဌာနသို့ အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ၏ အကျပ်အတည်းအခြေအနေကို ကျော်လွှားနိုင်ရန် တိတ်တဆိတ်ဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း အစပိုင်းကပင် ပြောခဲ့သည်။ အင်ဒိုနီးရှားသံတမန်များအနေဖြင့် မြန်မာနိုင်ငံအကျပ်အတည်းတွင် ပါဝင်နေခဲ့ကြသူအားလုံးနှင့် ထိတွေ့ညှိနှိုင်းမှုများ အကြိမ်ပေါင်း ၆၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း ရက်နိုက ပြောခဲ့သည်။
၎င်းတို့တွင် လက်ရှိမြန်မာနိုင်ငံ၏ နစက အစိုးရ၊ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် ဒီမိုကရေစီလိုလားထောက်ခံသူအမည်ခံ ပြည်ပြေး NUG အစိုးရတို့လည်းပါဝင်သည်ဟု ရက်နိုက ဆိုသည်။ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရက်နိုက အရေးအခင်းတွင် ပါဝင်ပတ်သက်သူအားလုံး၏ ယုံကြည်ကိုးစားမှု ရရှိရေးက အဓိက အရေးကြီးသောအချက်ဟုလည်းဆိုခဲ့သည်။
ထို့ပြင် ရက်နိုက အင်ဒိုနီးရှားအစိုးရအနေဖြင့် လူအများသိရန်မလိုသည့် တိတ်တဆိတ်ဆောင်ရွက်သော သံတမန် ဆက်ဆံရေးစနစ်ကို အသုံးပြုဆောင်ရွက်နေကြောင်း၊ ၎င်းက အားလုံး၏ ယုံကြည်ကိုးစားမှုရရှိရန်ရည်ရွယ်ကာ ၎င်းတို့အနေဖြင့်လည်း မိမိတို့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလာလိုလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောခဲ့သည်။
Quiet diplomacy ခေါ် ပိပိရိရိနှင့် တိတ်တဆိတ်ဆောင်ရွက်သော သံခင်းတမန်ခင်းဆိုသည်က လုံးဝအလုပ်မလုပ်ဘဲနေသည်မဟုတ်ကြောင်း၊ ပြီးခဲ့သည့်လများအတွင်း အင်ဒိုနီးရှားအစိုးရအနေဖြင့် များစွာဆောင်ရွက်မှုပြုခဲ့ရကြောင်းလည်း ၎င်းက ဆက်လက်ပြောခဲ့သည်။
အင်ဒိုနီးရှား၏ ဆောင်ရွက်မှုက မြန်မာနိုင်ငံအရေးအခင်းတွင် အဓိကပါဝင်သူများအားလုံးပါဝင်မည့် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်နိုင်ရန်နှင့် လွန်ခဲ့သောနှစ်နှစ်က သဘောတူခဲ့ကြသော ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အများသဘောတူဆန္ဒငါးချက် အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ပထမဆုံးအားထုတ်မှုဟုလည်းဆိုရမည်ဖြစ်သည်။ သို့သော် ရက်နိုက လာမည့်ရက်သတ္တပတ်အတွင်း အင်ဒိုနီးရှား၌ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ မြန်မာအစိုးရခေါင်းဆောင်များကို မဖိတ်ကြားဟု ပြောခဲ့ပြန်သည်။
မြန်မာနိုင်ငံ နစကအစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှစ်ခုတို့ကမူ အင်ဒိုနီးရှားအစိုးရ၏ အားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲဆောင်ရွက်ချက်အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ဝေဖန်မှုများ မပြုခဲ့ကြပေ။ NUG ကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းပြောခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကမူ မြန်မာ့အရေးအခင်းတွင် ပါဝင်ပတ်သက်သူအားလုံး ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ရေးကို အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အဖွဲ့ဝင်အားလုံးကထောက်ခံကြောင်း ပြောခဲ့သည်။
အင်ဒိုနီးရှားအနေဖြင့် ၁၉၅ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်းအစည်းအဝေးများကို လက်ခံကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအရေးနှင့် အင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်တို့၏ ဒေသတွင်း အားပြိုင်တင်းမာမှုများက အဓိကဆွေးနွေးရန်အကြောင်းများဖြစ်လိမ့်မည် ဖြစ်သည်။
Ref—- Reuters