၅. ၅. ၂၀၂၃
Written by Nay Aung
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် မေလ ၃ ရက်နေ့က မြန်မာနိုင်ငံတွင် အကျဉ်းသားထောင်ချီ ပြန်လွှတ်ပေးခဲ့ခြင်းအပေါ် ကျေနပ်အားတက်နေကြောင်းကုလသမဂ္ဂအဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟမ်ဟတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
နစကသည် မေလ ၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၁၃၅ ဦးနှင့် သေဒဏ်ကျခံနေရသော ၃၈ ဦးကို ပြန်လွှတ်ပေးမှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂတွင်ပြုလုပ်သော အမေးအဖြေကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟမ်ဟတ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဖာဟမ်ဟတ်က “အကျဉ်းသားတွေ ပြန်လွှတ်ပေးမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်ခြမ်းက ပြောစရာရှိတာကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ ကျေနပ်အားတက်နေပါတယ်။ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်ရှိနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းကို အလွန်အမင်း စိုးရိမ်မိပါတယ်။” ဟု ဆိုသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလန်းဟေဇာသည် မေလ ၁ ရက်နေ့က တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံကာ မြန်မာ့နိုင်ငံရေးအခြေနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုများ ပြန်လည်ရရှိရေး၊ ပြည်သူများကို အကာအကွယ်ပေးရေးနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများသည် စုစည်းညီညွှတ်ရန် လိုအပ်ကြောင်း နိုလန်းဟေဇာက တိုက်တွန်းပြောဆိုခဲ့သည်။
နိုလန်းဟေဇာက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သည့်အတွက် ပြည်သူများ၏ လိုအပ်ချက်၊ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံရှိအဖွဲ့အစည်းများကြား နိုင်ငံအရေးအဖြေရရှိရေးနှင့် အကြမ်းဖက်မှုများလျှော့ချနိုင်ရန် အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးရရှိရေးတို့အတွက် အာဆီယံအဖွဲ့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Ref——-UN