၅. ၅. ၂၀၂၃
Written by Pan Ei
ဆားဘီးယားနိုင်ငံ မြို့တော် ဘဲဂရိတ် တောင်ပိုင်း မလာဒီနိုဗက်စ်မြို့တွင် ယမန်နေ့ ( မေလ ၄ ရက် ) ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြပြီး အဆိုပါ ပစ်ခတ်မှုမှာ ဆားဘီးယားနိုင်ငံတွင် နှစ်ရက်အတွင်း ဒုတိယမြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်သည်။
ဘဲဂရိတ်မြို့၏ တောင်ဘက် ၄၂ ကီလိုမီတာ (၂၆ မိုင်) ခန့် ကွာဝေးသော မလာဒီနိုဗက်စ်မြို့အနီးရှိ ကျောင်းခြံဝင်းတစ်ခုတွင် မေလ ၄ ရက် ညပိုင်းက အငြင်းအခုန်ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်သူဟု သံသယရှိသူသည် ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် အငြင်းအခုန်ဖြစ်ပွားရာနေရာသို့ ပြန်လာခဲ့ပြီး မောင်းနေသော ကားတစ်စီးပေါ်မှ ကြုံရာကျပန်းလူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှု သံသယရှိသူအမျိုးသားမှာ အသက် ၂၁ နှစ်အရွယ်ဖြစ်ပြီး အထူးအကြမ်းဖက်မှုတိုက်ဖျက်ရေးယူနစ် (SAJ) နှင့် စစ်တပ်အင်အားစုများအပါအဝင် ဆားဘီးယားရဲတပ်ဖွဲ့ဝင် ၆၀၀ ခန့်သည် လမ်းများပိတ်ဆို့ကာ သေနတ်သမားကို ရှာဖွေလျက်ရှိကြောင်း သိရသည်။
အသ-တ်ခံရသူများထဲတွင် ရဲသားတစ်ဦးနှင့် သူ၏ညီမဖြစ်သူတို့ ပါဝင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီး Bratislav Gasic က အဆိုပါပစ်ခတ်မှုအား အကြမ်းဖက်လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။
ဆားဘီးယားနိုင်ငံ၏ မြို့တော် ဘဲဂရိတ်ရှိ မူလတန်းကျောင်းတစ်ခုတွင် မေလ ၃ ရက်နေ့က ၁၃ နှစ်အရွယ်ကျောင်းသားက ဖခင်ဖြစ်သူ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား ရှစ်ဦးနှင့် ကျောင်းလုံခြုံရေးအစောင့်တစ်ဦးတို့ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်မှာ ဆားဘီးယားတစ်နိုင်ငံလုံးကို ထပ်မံထိတ်လန့်တုန်လှုပ်စေခဲ့သည်။
Ref; Reuters