၅. ၅. ၂၀၂၃
Written by Min Mahar
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၂၃) မြို့နယ် စည်ပင်ရေစက်ဝင်း၏ အရှေ့လမ်းမပေါ်သို့ လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုမရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမ်းပျော့ကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ရမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့မေလ ၅ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရီမာလာအနောက်ရပ်ကွက်၊ အောက်ကမ်းနားလမ်း၊ ၂၂ လမ်းနှင့် ၂၆ လမ်းကြားရှိ အမှတ်(၂၃)မြို့နယ် စည်ပင်ရေစက်ဝင်း၏ အရှေ့ဘက်လမ်းမပေါ်သို့ မြောက်မှတောင်ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးမောင်းနှင်လာပြီး အနောက်မှထိုင်လိုက်လာသူက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ပြီး ထွက်ပြးသွားခဲ့ကြောင်း သိရသည်။
” မနက် ၇ နာရီမခွဲခင်လောက်က အုံးဆိုပြီး အသံအကျယ်ကြီးကြားလို့ လိုက်မေးကြည့်ရာမှာ မြို့နယ်စည်ပင်ရေစက်င်းအရှေ့လမ်းပေါ်ကို လူနှစ်ယာက်က ဗုံးနဲ့ပစ်ပေါက်သွားတာ မပေါက်လို့ဆိုပြီး စစ်သားနဲ့ရဲတွေ ရောက်လာပြီးတော့ သူတို့ကဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ကြားတယ်။ ပြီးတော့ လမ်းတွေပိတ် စစ်ဆေးမှုတွေလည်း လုပ်သေးတယ်။ သူတို့ထဲကတစ်ဦးက KIA သောင်းကျန်းသူတွေထုတ်တဲ့ 91 လက်ပစ်ဗုံးလို့လည်း ပြောသံကြားတယ်။ အဲ့ဒီဖောက်ခွဲမှုကြောင့် လူတွေနဲ့အဆောက်အဦတွေတော့ ထိခိုက်ပျက်စီးသွားတာမရှိပါဘူး”ဟု စည်ပင်ရေစက်ဝင်းအနီးနေထိုင်သူတစ်ဦးက ၎င်း၏ကြားမြင်မှုကို MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါလက်ပစ်ဗုံးသည် လမ်းပေါ်သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသည့်အတွက် အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၇ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်းလက်ပစ်ဗုံးကို ယမ်းပျော့ကပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်းနှင့် ယင်းဖောက်ခွဲဖျက်ဆီးမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းလည်း သိရသည်။