၅. ၅. ၂၀၂၃
Translated by Htwe Ko Tun
ယူကရိန်းလေတပ်က ၎င်း၏မောင်းသူမဲ့လေယာဉ်တစ်စီးအား ထိန်းချုပ်မရတော့သဖြင့် မေလ ၄ ရက် ညနေပိုင်းက ကီးအက်ဗ်မြို့တော်အပေါ်၌ပင် ပစ်ချခဲ့ရကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံသမ္မတရုံးအကြီးအကဲ အန်ဒရီ ယာမတ်က ရန်သူမောင်းသူမဲ့လေယာဉ်တစ်စီးကို ပစ်ချခဲ့ခြင်းဟု အစပိုင်းတွင် ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ယူကရိန်းလေတပ်က ၎င်း၏မောင်းသူမဲ့လေယာဉ်တစ်စီးမှာ ထိန်းချုပ်မရသည့်အခြေအနေဖြစ်လာ၍ မလိုလားအပ်သော နောက်ဆက်တွဲအခြေအနေများ ဖြစ်ပေါ်မလာရစေရန် ပစ်ချခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ယူကရိန်းလေတပ်ကြေညာချက်တစ်ရပ်တွင် Bayraktar TB2 UAV အမျိုးအစား မောင်းသူမဲ့လေယာဉ်မှာ စီစဉ်ထားသည့်အတိုင်း ပျံသန်းမှုပြုလုပ်နေစဉ် ည ၈ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၇း၀၀ နာရီ)တွင် ယူကရိန်းမြို့လယ်ကောင်းကင်ယံ သမ္မတအိမ်တော်အနီး၌ ၎င်းအားထိန်းချုပ်၍မရဖြစ်လာသောကြောင့် လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ပစ်ချခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
ထိုကြေညာချက်တွင် မြို့တော်၏ ကောင်းကင်ယံ၌ ထိုသို့မောင်းသူမဲ့လေယာဉ်များအား မထိန်းချုပ်နိုင်တော့ခြင်းက မလိုလားအပ်သော နောက်ဆက်တွဲအခြေအနေများ ဆက်လက်ဖြစ်ပေါ်စေနိုင်သဖြင့် ပစ်ချရန်ဆုံးဖြတ်ခဲ့ရကြောင်း၊ ပျက်ကျလာသော မောင်းသူမဲ့လေယာဉ်ကြောင့် လူသူထိခိုက်မှု(သို့မဟုတ်)ပျက်စီးဆုံးရှုံးမှုမရှိကြောင်းလည်း ဖော်ပြသွားခဲ့သည်။
ထို့ပြင် ထိုသို့ပစ်ချခဲ့ရသည့်အတွက် စိတ်မကောင်းကြောင်း၊ ၎င်းက နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှု သက်သက်သာဖြစ်ကြောင်း၊ ထိုသို့ကိစ္စရပ်များက ဖြစ်လေ့ရှိသည်သာဖြစ်ကြောင်း ကြေညာချက်တွင် ယူကရိန်းလေတပ်က ပြောကြားသွားခဲ့သည်။
Ref——BBC