၅. ၅. ၂၀၂၃
Written by Peya
မကြာမီ ဖြစ်ပေါ်လာနိုင်သော Mocha ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ဝင်မည်ဟု ဆိုခြင်းမှာ ပြောရန်စောနေသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောသည်။
“၇ ရက်တောင် သိပ်မကျိန်းသေဘူး။ ၇ ရက်နဲ့ ၈ ရက်ကြားပေါ့။ နောက်ပြီးရင် သူက မုန်တိုင်းငယ်အဆင့် ဖြစ်လာပြီးတော့ မြောက်ဘက်တက်လာမယ်ပေါ့။ စဖြစ်တာကတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပေါ့။ မြောက်ဘက်ကို တက်လာပြီး အားကောင်းလာပြီးရင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဆိုက်ကလုန်း မုန်တိုင်း အဆင့်လောက်အထိ အားကောင်းလာနိုင်တယ်” ဟု ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။
မကြာမီ ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းနှင့်ပတ်သက်၍ မိုးလေဝသအကြောင်း ခန့်မှန်းပေးသည့် Weather Forecast Website များကို ကိုးကားကာ မြန်မာနိုင်ငံသို့ ဝင်နိုင်ကြောင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် ရေးသားနေကြသည့် အပေါ် မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တကယ်တမ်းကျတော့လည်း ဒီကာလက မိုးကြိုကာလ မေလဖြစ်တဲ့အတွက် ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေက အားကောင်းလေ့ ရှိတယ်။ တစ်ခါတလေကျရင် ဆိုက်ကလုန်းမုန်တိုင်းအဆင့်တောင် မဟုတ်ဘူး။ အားအလွန်ကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း မာလာတို့ဘာတို့လို အဲ့ဒါမျိုးလေးတွေ ဖြစ်တာရှိတယ်။ သူ့ရဲ့လမ်းကြောင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်လောက် မေလအတွင်း ဖြစ်တဲ့ မုန်တိုင်းတွေကို ကြည့်ရင် ဘင်္ဂလားဒေ့ရှ်သွားတာများတယ်။ ဒုတိယက မြန်မာပေါ့။ ရခိုင်ဘက်သွားတာ များတယ်။ ခန့်မှန်းမော်ဒယ်က ထွက်လာတာကြီးကို မြစ်ဝကျွန်းပေါ်သွားမယ် ဘယ်သွားမယ် ညာသွားမယ် ဆိုတာက မဖြစ်သင့်ဘူး”ဟု ဦးလှထွန်းက ဆိုသည်။
လက်ရှိတွင် မုန်တိုင်းနှင့် ပတ်သက်၍ စောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။
“မုန်တိုင်းတစ်ခုဆိုတာက စတောင် သန္ဓေမတည်သေးဘူး။ တည်ဖို့ အဆင့်မှာပဲ သူက လေစီးကြောင်းတွေ ပြောင်းတာပေါ့။ အဲ့ဒီတော့မှ နည်းနည်းလေး ပိုပြီး ဘယ်သွားနိုင်တယ်ဆိုတာ ပြောလို့ရမယ်” ဟု ၎င်းက ဆိုသည်။