၅. ၅. ၂၀၂၃
Written by Pan Ei
ဂျပန်နိုင်ငံက နာမည်ကြီးရေခဲမုန့်ထုတ်ကုန်အမှတ်တံဆိပ် Cellato ဟာ ရေခဲမုန့်တစ်တုံးကို ယန်း ၈၈၀,၀၀၀ (ဒေါ်လာ ၆,၇၀၀) မြန်မာငွေနဲ့ဆို သိန်း ၁၄၀ ကျော်တန်တဲ့ ရေခဲမုန့်ကိုပြုလုပ်ခဲ့ပြီး ကမ္ဘာ့စျေးအကြီးဆုံး ရေခဲမုန့်အဖြစ် မကြာသေးမီတုန်းက ဂင်းနစ်ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။
ကမ္ဘာ့စျေးအကြီးဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ Cellato ရဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ရေခဲမုန့်အသစ်ကို Byakuya လို့ခေါပြီး အဆိုပါ ရေခဲမုန့်မှာ နိုနဲ့ ပြုလုပ်ထားတဲ့ အောက်ခံတစ်ထပ်၊ ဒိန်ခဲအမျိုးအစားနှစ်မျိုး၊ ကြက်ဥအနှစ်နဲ့ ဆာကေးအနှစ်တို့အပြင် အပေါ်ဘက်မှာတော့ ပါမီဂီယာနို ဒိန်ခဲ၊ ဈေးကွက်မှာ အလွန်တန်ဖိုးကြီးတဲ့ အဖြူရောင် ထရက်ဖဲလ်နဲ့ ထရက်ဖဲလ်ဆီတို့ ပါဝင်ပြီး ရွှေအရွက်လေးနဲ့ အလှဆင်ထားပါတယ်။
အဆိုပါရေခဲမုန့်ပြုလုပ်ရာမှာ အသုံးပြုထားတဲ့ အဖြူရောင် ထရက်ဖဲလ်တွေကို အီတလီနိုင်ငံ၊ အယ်လ်ဘာက မှာယူအသုံးပြုထားတာဖြစ်ပြီး ယန်း ၂ သန်း (ဒေါ်လာ ၁၄,၈၀၀) ခန့် တန်ဖိုးရှိတဲ့ အရည်အသွေးမြင့် မှိုတစ်မျိုးဖြစ်ပါတယ်။
ဂျပန်ရေခဲမုန့်ထုတ်လုပ်သူက ရေခဲမုန့်ကို မစားမီမှာ အနည်းငယ်ပျော့အောင်ထားဖို့ အကြံပြုထားပြီး ပြီးတဲ့နောက်မှာ အရသာပြင်းပြင်းလေး ခံစားစေနိုင်ဖို့ ပါဝင်တဲ့ ထရက်ဖဲလ်ဆီနဲ့ ရောမွှေပြီးစားသုံးဖို့ လိုအပ်ကာ ရေခဲမုန့်ကို ဝိုင်ဖြူတစ်ခွက်နဲ့တွဲစားဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့စျေးအကြီးဆုံးရေခဲမုန့်ရဲ့ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ ပါဝင်ပစ္စည်းတစ်ခုက အသီးတွေရဲ့အရသာမျိုးနဲ့ အနှစ်လိုပုံစံမျိုးရှိတဲ့ ဆာကေးထုတ်လုပ်ခြင်းက ကျန်ရှိတဲ့ ဆာကေးအနှစ်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။
အဆိုပါ ချိုမြိန်ပြီး နူးညံ့တဲ့အရသာ ခံစားမှုမျိုးရစေနိုင်မယ့် ရေခဲမုန့်ကို သေသပ်ပြီး စတိုင်ကျတဲ့ အနက်ရောင်သေတ္တာနဲ့ ထုပ်ပိုးထားပြီး သေတ္တာထဲမှာ ဗိမာန်တော်တွေနဲ့ ဘုရားကျောင်းတည်ဆောက်ရာမှာ အသုံးပြုတဲ့ နည်းပညာတွေနဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ကျိုတိုမြို့ရှိ လက်မှုပညာရှင် ဖန်တီးထားတဲ့ လက်လုပ်သတ္တုဇွန်းတစ်ချောင်းလည်း ပါဝင်ပါတယ်။
၁၃၀ မီလီလီတာရှိတဲ့ ရေခဲမုန့်တစ်တုံးအတွက် အမေရိကန်ဒေါ်လာ ၆,၇၀၀ ကုန်ကျမယ့် Byakuya ရေခဲမုန့်ဟာ သက်တမ်းကုန်ဆုံးရက်မရှိပေမဲ့လည်း သူ့ရဲ့ အရသာနဲ့ အသွင်အပြင်ကို အပြည့်အဝခံစားနိုင်စေဖို့ ၁၀ ရက်အတွင်း စားသုံးဖို့ ထုတ်လုပ်တဲ့ အမှတ်တံဆိပ် Cellato က အကြံပြုထားပါတယ်။
Ref; Oddity Central