၁၄. ၁၀. ၂၀၂၂
Written by Tha Doe
စီးပွားရေးစနစ်အတွင်းမှ ပိုလျှံငွေကြေးအား နှုတ်သိမ်း၍ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းကို အထိုက်အလျောက် ထိန်းချုပ်စေနိုင်မည့် ဗဟိုဘဏ်ငွေချေးသက်သေခံလက်မှတ် (Central Bank Bill) အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ငွေကြေးမူဝါဒ နည်းလမ်းများဖြစ်သော အတိုးနှုန်းမူဝါဒ၊ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်သတ်မှတ်ခြင်းနှင့် လွတ်လပ်သောဈေးကွက်ဆိုင်ရာ လုပ်ဆောင်မှုများဆောင်ရွက်ခြင်းတို့အနက် လွတ်လပ်သော ဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်များမှတစ်ခုဖြစ်သည့် ဗဟိုဘဏ်ငွေချေးသက်သေခံလက်မှတ် (Central bank Bill) ထုတ်ဝေရေးဆောင်ရွက်သွားရန် အစီအစဉ်ရှိနေသည်။ ထိုသို့ ရောင်းချခြင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၆(က) အရ ငွေကြေးတည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၄၁(က) နှင့် ပုဒ်မ-၄၅ တို့အရ သက်သေခံလက်မှတ်များထုတ်ဝေခြင်းနှင့် ငွေရေးကြေးရေးဈေးကွက်များတွင် ငွေချေးသက်သေခံ လက်မှတ်များရောင်းဝယ်ခြင်းအား ငွေကြေးမူဝါဒနည်းလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ခွင့်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Central Bank Bill ထုတ်ဝေရောင်းချရခြင်း၏ ရည်ရွယ်ချက်မှာ စီးပွားရေးစနစ်တွင်းရှိ ပိုလျှံ ငွေကြေး (Excess Liquidity) ကို သွယ်ဝိုက်နှုတ်သိမ်းခြင်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းအား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန်နှင့် ဗဟိုဘဏ်၏ အဓိကမဏ္ဍိုင်(၃)ခုအနက် တစ်ခုဖြစ်သည့် ငွေကြေးတည်ငြိမ်ရေး (Monetary Stability) အတွက် သွယ်ဝိုက်ငွေကြေးမူဝါဒနည်းလမ်းတစ်ခုကျင့်သုံးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Central Bank Bill ထုတ်ဝေခြင်းဖြင့် “အတိုးစရိတ် အကုန်အကျခံ၍ ငွေကြေးတည်ငြိမ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ Bill ထုတ်ဝေရောင်းချခြင်းမှ ရရှိမည့်ငွေကြေးများအား အစိုးရစီမံကိန်းများ၊ တိုင်းပြည်၏ GDP တိုးတက်ရေးကို အထောက်အကူပြု မည့်ကဏ္ဍများအား Financing ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် (၃၁.၃.၂၀၂၂) ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၀၄၅ ကျပ်ရှိရာမှ တစ်ဖြေးဖြေး မြင့်တက်လာပြီး (၃၁.၈.၂၀၂၂) ရက်နေ့တွင် အမြင့်ဆုံး ၄,၁၀၀ ကျပ်သို့ ရောက်ရှိခဲ့ရာမှ (၂၉.၉.၂၀၂၂) ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂,၉၅၀ သို့လည်းကောင်း၊ (၃၀.၉.၂၀၂၂) ရက်နေ့တွင် ကျပ် ၂,၇၀၀ ~ ၂,၈၅၀ သို့ ကျဆင်းလာကြောင်း တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်တွင် ငွေလဲလှယ်နှုန်းလွန်စွာမြင့်မားမှုသည် ဖြစ်သင့်သည့်နှုန်းထက် ပိုမိုမြင့်မားခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ဈေးကစားသူများမှ အုပ်စုဖွဲ့၍ဈေးကစားမှုများ (Manipulation) ကြောင့်လည်းကောင်း၊ သတင်းမီဒီယာများမှ အမေရိကန်ဒေါ်လာသည် ၅,၀၀၀ ကျပ်ခန့်ထိ မြင့်တက်မည်ဟု ရေးသားချက်များကြောင့်လည်းကောင်း၊ ပြည်သူများအနေဖြင့် ဈေးတက်မည်ကိုစိုးရိမ်၍ လက်ရှိနှင့်အနာဂတ် ပေးချေမှုများအတွက် ကြိုတင်ဝယ်ယူမှုများကြောင့်လည်းကောင်း၊ ငွေလဲလှယ်နှုန်းသည် ဖြစ်သင့်သည်ထက် ပိုမိုမြင့်မားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ USD Index ပြောင်းလဲမှု၊ မြန်မာနိုင်ငံ၏ကုန်သွယ်မှု လိုငွေအခြေအနေ၊ အမေရိကန်ဒေါ်လာ စီးဝင်/စီးထွက်မှုအခြေအနေစသည့် ကိန်းရှင်များအပေါ်အခြေခံ၍ လေ့လာဆန်းစစ်ချက်များအရ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် (၂) ဆကျော်ခန့်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါခန့်မှန်းချက်များပေါ်အခြေခံ၍ (၃၁.၃.၂၀၂၂) ရက်နေ့မှ (၂၉.၉.၂၀၂၂) ရက်နေ့အထိ (၆) လတာကာလအတွင်း အမေရိကန်ဒေါ်လာမှာ ၁၄ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်ခဲ့ခြင်းကြောင့် မြန်မာကျပ်ငွေ ၂၈ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းမည်ဟု ယူဆခန့်မှန်းတွက်ချက်ပါက အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂,၆၁၇ ~ ၂,၆၅၅ ခန့်ရှိမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလဆန်းက ခန့်မှန်းခဲ့သည်။
“၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အထိ ပြည်တွင်း ဘဏ်အပ်ငွေစုစုပေါင်းက ကျပ် ၆၁၁၇၇ ဒသမ ၇၅ ဘီလျံအထိ ရှိပါတယ်။ ဘဏ်တွေက ပြန်ထုတ်ချေးထားတဲ့ ပမာဏက ကျပ် ၃၅၆၁၄ ဒသမ ၇၇ ဘီလျံရှိပြီး ဘဏ်လုပ်ငန်းကဏ္ဍရဲ့ အမြတ်ရရှိမှုက ပုဂ္ဂလိကဘဏ်တွေမှာ ကျပ် ၂၄၇ ဒသမ ၂၆ ဘီလျံအထိရှိနေပြီး ပြည်တွင်းမှာလုပ်ငန်းလည်ပတ်ခွင့်ရထားတဲ့ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲတွေရဲ့ အမြတ်ကတော့ ကျပ် ၈ ဒသမ ၂၈ ဘီလျံပါ။ ဒီလို အပ်ငွေတွေက ၂၀၂၁ နှစ်လည်မှာ နွေဦးတော်လှန်ရေးကြောင့် စုပုံထုတ်လို့ တိုင်းပြည်ရဲ့ ငွေကြေးလည်ပတ်မှုထဲမှာ ငွေသားတွေအရမ်းများပြီး ငွေကြေးဖောင်းပွမှုဖြစ်လာတာပေါ့။ အဲဒါကို ဗဟိုဘဏ်က သူ့ဆီငွေတွေပြန်ရောက်လာအောင် ဆွဲသွင်းဖို့ CBB ကို ထုတ်ရောင်းတာပေါ့။ စနစ်တကျနဲ့ လွတ်လွတ်လပ်လပ်လုပ်နိုင်ရင် ကောင်းပါတယ်” ဟု စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။
အခြားနိုင်ငံများရှိ ဗဟိုဘဏ်များသည်လည်း အစိုးရကိုယ်စား Treasury Bill များအား ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန်အတွက်လည်းကောင်း၊ ကိုယ်ပိုင် Central Bank Bill များကို ငွေကြေးမူဝါဒနည်းလမ်းတစ်ခုအဖြစ်လည်းကောင်း ထုတ်ဝေလျက်ရှိကြသည်။ Treasury Bill မှာ အစိုးရဘတ်ဂျက်လိုအား ယာယီဖြေရှင်းရန်ထုတ်ထားလေ့ရှိပြီး၊ ဗဟိုဘဏ်မှထုတ်ဝေသည့် Bill များမှာ ငွေကြေးပမာဏကိုထိန်းကျောင်းရန် (တိုးမြှင့်ခြင်းလျှော့ချခြင်း) အတွက် လွတ်လပ်သော ဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ထုတ်ဝေကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် အစိုးရ Securities များထုတ်ဝေမှုမှာ မလုံလောက်ပါက ဗဟိုဘဏ်အနေဖြင့်ကိုယ်ပိုင် Securities များထုတ်ဝေပြီး အစိုးရသို့ပြန်လည်ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ကြသည်။ ကိုရီးယားဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒနည်းလမ်းတစ်ခုဖြစ်သည့် Monetary Stabilization Bond (MSB) ကိုထုတ်ဝေပြီး၊ ထိုင်းဗဟိုဘဏ်အနေဖြင့်လည်း ပိုလျှံငွေကြေးနုတ်သိမ်းရန် Monetary Policy Instrument တစ်ခုအနေဖြင့် သက်တမ်း ၃လနှင့် ၁ နှစ်ရှိ Bank of Thailand (BOT) Bill ၊ သက်တမ်း ၆ လနှင့် ၂ နှစ်ရှိ Fixed – coupon Bond နှင့် သက်တမ်း ၁ နှစ် နှင့် ၂ နှစ်ရှိ Thai Overnight Repurchase Rate (THOR)_ linked floating rate Bond များအားထုတ်ဝေလျက်ရှိသည်။