၅. ၅. ၂၀၂၃
Written by Nay Moe
KNU တပ်မဟာ (၄) တပ်ရင်း (၁၁) နှင့် သွားရောက်တွေ့ဆုံသည့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့မှာ ထို KNU တပ်မဟာ (၄) တပ်ရင်း (၁၁)မှ ချောင်းမြောင်းပစ်ခတ် လက်နက်လုယက်မှုကြောင့် လေးဦးသေ၍ ငါးဦးပျောက်ဆုံးနေသည်ဟု မွန်ပြည်ကာကွယ်ရေးတပ်က ပြောသည်။
ယခု ဖြစ်စဥ်တွင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ တနင်္သာရီဒေသတပ်၊ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သော အဖွဲ့သည် တော်လှန်ရေးတွင် အတူတကွ လုပ်ဆောင်ရန် ဧပြီ ၂၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဗိုလ်ကြီး စောဘွဲ့မှူးနှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့ပြီးအပြန် ဧပြီ ၃၀ ရက် စနေနေ့ နံနက် ၆ နာရီ ၅၀ အချိန်တွင် KNU / KNLA၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ရဲဘော်များက တနင်္သာရီဒေသ၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ် (ခန့်မှန်း မိုင်တိုင် – ၂၃) တွင် ချောင်းမြောင်း ပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တပ်ခွဲမှူးနှင့် တပ်သား (၁) ဦး ကျဆုံးခဲ့သည်။ တပ်ခွဲမှူးနှင့် တပ်သား (၁) ဦးတွင် ပါလာသော (357) စုံလည် (၁) လက်၊ M -16 (၁) လက်နှင့် လက်ပစ်ဗုံးများ ဆုံးရှုံးခဲ့သည်။
ထိုနေ့ နံနက်တွင် ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာအနီးတွင် နိုင်တမော့ချမ်းတို့အား လက်နက်လာရောက် ပို့ဆောင်သော နိုင်မွန်သိမ်းတပ်ဖွဲ့မှ ရဲဘော် (၄) ဦး ယူဆောင်လာသော (M – 16) သေနက် (၂) လက်၊ (HK – 16) သေနက် (၂) လက်နှင့် Shot Gun ခေါက်ချိုး (၂) လက်ကိုလည်း KNU / KNLA၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) တပ်ဖွဲ့ဝင်များမှ လမ်းတွင် တားဆီးပြီး လက်နက် (၆) လက်ကို ထပ်မံ သိမ်းယူခဲ့သည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် လွတ်မြောက်သွားသော မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တနင်္သာရီဒေသတပ်၊ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်းနှင့် ရဲဘော် (၉) ဦးသည် ပြည်ကြီးမဏ္ဍိုင်ရွာအနီး (ခန့်မှန်း မိုင်တိုင် – ၂၆) အရောက် နေ့လည် ၁၂ နာရီခန့်တွင် KNU / KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဒုတိယအကြိမ် ထပ်မံ ချောင်းမြောင်းပစ်ခတ်ခံရပြီးနောက် အရပ်သား ယာဥ်မောင်း (၁) ဦးနှင့် ရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး တပ်သား (၁) ဦးတွင် ပါလာသော (AK – 16) သေနက် (၁) လက် ဆုံးရှုံးခဲ့သည်။
တာဝန်ခံ နိုင်တမော့ချမ်းနှင့် ရဲဘော် (၃) ဦးသည် အသက်ဘေးမှ ထပ်မံ လွတ်မြောက်ခဲ့ပြီး မေလ ၃ ရက်နေ့တွင် မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့် အဆက်သွယ်ရယူကာ ဖြစ်ပွားခဲ့သော ဖြစ်စဥ်များကို သတင်းပေးပို့ခဲ့သည်။ လက်ရှိ အချိန်ထိ တပ်ဖွဲ့ဝင် (၅) ဦးနှင့်အတူ လက်နက်များ ပျောက်ဆုံးနေပြီး ရဲဘော်များ အသက်ဘေးမှ လွတ်မြောက်ခြင်း ရှိ / မရှိ ကို အတည်မပြုနိုင်ခြင်း မရှိသေးချေ။
ယင်းဖြစ်စဥ်မှာ တော်လှန်ရေးတွင် အတူတကွ လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဘက် အချင်းချင်း ကူညီဖေးမမှုမရှိဘဲ လုပ်ကြံသတ်ဖြတ်ပြီး လက်နက်များ လုယူခဲ့သည့် လုပ်ရပ်အပေါ် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) များစွာ နားမလည်နိုင် ဖြစ်ရကြောင်းနှင့် ၎င်းလုပ်ရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA) မှ တာဝန်ရှိသူများက တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ တာဝန်ရှိသူများနှင့် ကျူးလွန်ခဲ့သော တပ်ဖွဲ့ဝင်များအား စုံစမ်း စိစစ်ပြီး အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် အသိပေး ထုတ်ပြန်အပ်သည်။ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက မေလ ၄ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။