MT News
Written by Peya
ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် ပြိုင်ပွဲဝင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းက အင်ဒိုနီးရှားလက်ရွေးစင် ယူ – ၂၂ အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲကို ယနေ့ မေလ ၄ ရက် ညနေပိုင်း ၃ နာရီခွဲက ဆီးဂိမ်းစ် ၂၀၂၃ အမျိုးသားဘောလုံး အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယား အမျိုးသားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကာ ပထမပွဲစဉ်အဖြစ် အရှေ့တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် မြန်မာအသင်းက တစ်ဂိုး ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယခု အင်ဒိုနီးရှားနှင့်ပွဲတွင် မိနစ် ၂၀ ၌ Marselino က ဦးဆောင်ဂိုးကို သွင်းယူခဲ့ကာ အဆိုပါ ကစားသမားသည် စောင့်ကြည့်ရမည့် ကစားသမားဖြစ်သော်လည်း လူကပ် ကစားနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရပြီး မိနစ် ၃၀ တွင် အင်ဒိုနီးရှားဘက်က ပင်နယ်လ်တီရသွားသည့်အတွက် ပထမပိုင်းတွင် ၂ ဂိုး ပေးခဲ့ရသည်။
ထို့နောက် ဒုတိယပိုင်းတွင် ပင်နယ်လ်တီ ကန်သွင်းခဲ့သူ Ramadhan ကပင် ၁ ဂိုး ထပ်မံသွင်းယူခဲ့ပြီး Fajar နှင့် Titan Agung တို့က ၁ ဂိုးစီ သွင်းယူခဲ့သည့်အတွက် ၅ ဂိုး ဂိုးမရှိ ရလာဒ်ကို ရခဲ့ခြင်းဖြစ်ကာ အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာ၊ ခြေစွမ်းအသာဖြင့် ကစားခဲ့ကြောင်းတွေ့မြင်ရပြီး မြန်မာနောက်တန်းကိုလည်း ကောင်းစွာ ခြိမ်းခြောက်ထားနိုင်ခဲ့သည်။
“လက်ရှိအသင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားက ၃ ဦးပဲ ရှိပါတယ်။ ကျန်တဲ့ကစားသမားတွေမှာ ယူ၁၈/ယူ ၁၉ အရွယ်တွေလည်းပါဝင်နေပြီး နုနယ်လွန်းတဲ့ အသင်းပါ” ဟု မြန်မာ ယူ၂၂ အသင်း နည်းပြချုပ် မိုက်ကယ် Michael Feichtenbeiner က အရှေ့တီမောအသင်းနှင့် ပွဲအပြီး မီဒီယာများ မေးမြန်းမှုကို ဖြေကြားထားခဲ့ဖူးသည်။