၄. ၅. ၂၀၂၃
Written by Pan Ei
ဆားဘီးယားနိုင်ငံ၏ မြို့တော်ဘဲဂရိတ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ဗုဒ္ဓဟူးနေ့ (မေလ ၃ ရက်) က သေနတ်ဖြင့် ပစ်ခတ်မှုအတွင်း ကျောင်းသား ရှစ်ဦးနှင့် လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူဟု သံသယရှိသူမှာ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားတစ်ဦးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာကြာသည်အထိ ယခုကဲ့သို့ ကျောင်းတွင်းပစ်ခတ်မှုမျိုး မဖြစ်ခဲ့ဖူးသော ဆားဘီးယားနိုင်ငံအတွင်း ယခုအဖြစ်အပျက်သည် တစ်နိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ပစ်ခတ်မှုသည် ဘဲဂရိတ်မြို့လယ် ဗရာကားခရိုင်ရှိ မူလတန်းကျောင်းတွင် မေလ ၃ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက “ကလေးရှစ်ဦးနဲ့ လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကလေးခြောက်ဦးနဲ့ ကျောင်းဆရာတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ပြောကြားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဘဲဂရိတ်မြို့၏ ဗရာကား ခရိုင်ဥက္ကဌ Milan Nedeljkovic က “ကျောင်းရဲ့လုံခြုံရေးအစောင့်ဟာ သေနတ်သမားရှေ့မှာ ခန္ဓာကိုယ်နဲ့ ကာထားခဲ့ပြီး သေဆုံးမှုတွေထပ်မဖြစ်အောင် ကာကွယ်ထားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံသယရှိသူ ဆယ်ကျော်သက် ကျောင်းသားကို ဖမ်းဆီးခဲ့ပြီး အဆိုပါ ကျောင်းသားမှာ ဖခင်ဖြစ်သူ၏ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူ သေနတ်သမားနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်းမရှိသေးသလို ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ဖြစ်နိုင်သည့် မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
ဆားဘီးယားနိုင်ငံရှိ စာသင်ကျောင်းများတွင် သေနတ်ပစ်အကြမ်းဖက်မှုသည် အလွန်ရှားပါးပြီး ဆားဘီးယားသည် သေနတ်ဝယ်ယူရာတွင် အထူးခွင့်ပြုချက်လိုအပ်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။
Ref; AFP