၄. ၅. ၂၀၂၃
Written by Pan Ei
ပီအက်စ်ဂျီအသင်းဟာ အသင်းက တရားဝင် ခွင့်ပြုချက်မရှိဘဲ ဆော်ဒီအာရေဗျနိုင်ငံကို ခရီးထွက်ခဲ့တဲ့ လီယွန်နယ်မက်ဆီကို အသင်းကနေ သီတင်းနှစ်ပတ်ကြာ ဆိုင်းငံ့ထားမယ်လို့ ကလပ်သတင်းရင်းမြစ်တစ်ခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မက်ဆီဟာ ပြင်သစ်နိုင်ငံပြင်ပ ပရိုမိုးရှင်းပွဲတွေကို တက်ရောက်ဖို့သွားနေခဲ့တာကြောင့် တနင်္လာနေ့က လေ့ကျင့်ရေးအစီအစဉ်တွေကို လွဲချော်ခဲ့ကြောင်း ကလပ်သတင်းရင်းမြစ်က ပြောကြားခဲ့ပြီး အဲဒီအချိန်မှာ မက်ဆီဟာ ဆော်ဒီအာရေဗျမှာ ရှိနေတယ်လို့ သတင်းအများအပြားမှာ ဖော်ပြခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီး အာမက် အယ်လ်ခေတေ့ဘ်က အနားယူနေတဲ့ မက်ဆီနဲ့ သူ့မိသားစုပုံနဲ့အတူ “မက်ဆီနဲ့ သူ့မိသားစုကို မှော်ဆန်တဲ့ ခရီးသွားနေရာတွေနဲ့ စစ်မှန်တဲ့ အတွေ့အကြုံတွေကို ခံစားရစေနိုင်ဖို့ ဆော်ဒီကနေ ကြိုဆိုရတာ ဝမ်းသာပါတယ်။” လို့ တနင်္လာနေ့က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဆော်ဒီအာရေဗျနိုင်ငံရဲ့ ခရီးသွားသံတမန်ဖြစ်တဲ့ မက်ဆီကိုယ်တိုင်ကလည်း ဆော်ဒီခရီးသွားလုပ်ငန်းအတွက် ပရိုမိုးရှင်းတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက “ဆော်ဒီဟာ အရမ်းစိမ်းလန်းတယ်လို့ ဘယ်သူကထင်မှာလဲ။ မမျှော်လင့်ထားတဲ့ အံ့ဩဖွယ်ရာတွေကို အတတ်နိုင်ဆုံး စူးစမ်းချင်ပါတယ်” ဆိုပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လာမယ့်နှစ်ပတ်အတွင်း ထရွိင်းစ်အသင်းနဲ့ အေဂျက်စီယိုအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မက်ဆီဟာ ကလပ်မှာ ဆက်နေတော့မှာ မဟုတ်ဘူးလို့ သတင်းများစွာ ထွက်ပေါ်နေချိန်မှာပဲ ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး မက်ဆီဟာ ဆိုင်းငံ့ထားခံရချိန်အတွင်း ပီအက်စ်ဂျီအသင်းအတွက် လေ့ကျင့်မှုတွေနဲ့ ကစားပွဲတွေမှာ ပါဝင်ကစားတာတွေ ရှိမှာ မဟုတ်ပါဘူး။
Ref; CNN