၃. ၅. ၂၀၂၃
Written by Ye Kyaw
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ယခင်လများထက် ထပ်မံတိုးတက်ခဲ့၍ သုံးနှစ်အတွင်း ပထမဆုံးသုံးလဆက်တိုက် ထုတ်လုပ်မှုတိုးတက်ခြင်း မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မေ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
စက်မှုထုတ်လုပ်မှုနှင့် လုပ်ငန်းအသစ်ပမာဏများ တိုးလာသည့်နှုန်းမှာ ပြီးခဲ့သည့် ဧပြီလတွင် ပိုမြန်လာခဲ့ပြီး ထုတ်လုပ်မှုသာမက စက်ရုံအော်ဒါအသစ်များပါ စံချိန်တင် အားအကောင်းဆုံးအရှိန်ဖြင့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
“နောက်ဆုံး သုံးနှစ်အတွင်း အများဆုံးမြင်တွေ့ခဲ့ရတဲ့ ဆက်တိုက်ကျဆင်းလာမှုအစဥ်အလာကို စွန့်ခွာလျက် ဖေဖော်ဝါရီလမှစပြီး ကိန်းဂဏန်းများက မြန်မာ့စက်မှုကဏ္ဍဟာ ဦးမော့လာနေတာကို အချက်ပြလိုက်ပြီး လုပ်ကိုင်မှုအခြေအနေများ တိုးတက်နေတာကို လစဥ်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဓိကအကျဆုံး PMI အညွှန်းကိန်းဟာ ဧပြီလမှာ စံချိန်တင်အမြင့်ဆုံးအဖြစ် နှစ်လဆက်တိုက် မှတ်တမ်းတင်ခဲ့ကာ သုံးနှစ်ကျော်အတွင်း အမှတ် ၅၀ အထက်မှာ သုံးလဆက်တိုက်မှတ်တမ်းတင်နိုင်တဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ် ၅၇ ဒသမ ၄ သို့ တက်လှမ်းလာနိုင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ PMI အညွှန်းကိန်းအမှတ် ၅၀ နှင့် မတ်လ PMI အညွှန်းကိန်းအမှတ် ၅၅ ဒသမ ၅ တို့ဖြင့် ပြီးခဲ့သည့် နှစ်လအတွင်း တိုးတက်မှုထက် ထပ်မံတိုးတက်ခဲ့ပြီး သုံးလဆက်တိုက် ထုတ်လုပ်မှု တိုးတက်ခဲ့ခြင်းဖြစ်သည်။
“တိုးထုတ်လုပ်မှုဆီ ပြန်လည်ဦးမော့လာမှု အားကောင်းလာနေချိန်မှာ စက်မှုကဏ္ဍဟာ အနှောင့်အယှက်များ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ထုတ်လုပ်သူတို့က လျှပ်စစ်မီးပြတ်တောက်မှုများ၊ ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုတို့နဲ့ လောင်စာဆီ ဈေးမြင့်တက်လာမှုကို ဆက်အစီရင်ခံကြတယ်” ဟု စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
PMI အညွှန်းကိန်းအမှတ်များသည် သုညနှင့် ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင်ရှိနေပါက တိုးတက် မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိပါက ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်းဖြစ်သည်။
S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို့၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။