၁၃. ၁၀. ၂၀၂၂
Written by Nay Moe
PDF ၁၅ ဦးခန့်က စစ်ကိုင်း သစ္စာရွှေဂူဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်ဥူးကောဏ္ဍညအား ဦးခေါင်းဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်သွားကြောင်း SAC က အောက်တိုဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီး ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀)နှစ် ဝါတော်(၂၀)ဝါသည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံရန်အတွက် ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) Hijet အဖြူရောင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်အရောက် PDF အဖွဲ့ အင်အား ၁၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဦးခေါင်းအား ဖြတ်၍ အဆိုပါကျောင်းရှေ့ လမ်းမပေါ်တွင်ထားခဲ့ပြီး Hijet အဖြူရောင်ယာဉ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ ရက်စက်စွာပစ်ခတ်သတ်ဖြတ်မှုကြောင့် ဆရာတော် ဥူးကောဏ္ဍညတွင် ဦးခေါင်းပြတ်လျက် သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ ပျံလွန် တော်မူသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း SAC က ထုတ်ပြန်ထားသည်။
” သစ္စာရွှေဂူကျောင်းကို PDF တွေက ဒလန်ဆိုပြီး အငြိုးထားပြီး လိုက်သတ်နေတာ။ ပြီးခဲ့တဲ့ ဧပြီတုန်းကလည်း ဘုန်းကြီးကျောင်းထဲဖွင့်ထားတဲ့ မေတ္တာရိပ်မိဘမဲ့ဂေဟာက ဆရာမဒေါ်ဟေမာကိုလည်း ပစ်သတ်သွားသေးတယ်။ ဆရာမတုန်းကလည်း အမျိုးသမီးတစ်ယောက်ကို ကျည်ဆယ်ချက်လောက်ပစ်သတ်တာ ခြောက်ချက်မှန်ပြီး ဆုံးသွားတာ။ အခုလည်း ဆရာတော့်ကိုရက်ရက်စက်စက်လာသတ်ပြီး ကားပါလုသွားတာ” ဟု အဆိုပါဖြစ်စဥ်များကို သိရှိခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။