MT News
Written by Naing Thuta
ကလေးကစားစရာများသိုလှောင်ထားသည့်အရုပ်များအတွင်း၌ AA ဓာတ်ခဲထည့်ရသောကစားစရာများ စုပုံပြီးဖိထားရာမှ ဓာတ်ခဲပေါက်ပြီး မီးလောင်ကျွမ်းမှု မန္တလေးမြို့တွင် မေလ ၃ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၃ ရက် မနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ အကွက်အမှတ်(၂၅၅)၊ လမ်း ၃၀၊ ၈၉ လမ်းနှင့်လမ်း ၉၀ ကြားရှိ အမျိုးသမီးတစ်ဦးပိုင်ဆိုင်သော ၂၀×၆၀ ပေ RC သုံးထပ်၏အပေါ်ထပ်တွင် အိမ်အငှားနေထိုင်သည့်အမျိုးသားတစ်ဦးသည် “ပြုံးကမ္ဘာ”ကလေးကစားစရာရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ၎င်းမှ ကလေးကစားစရာများသိုလှောင်ထားသည့်အရုပ်များအတွင်း၌ AA ဓာတ်ခဲထည့်ရသောကစားစရာများ စုပုံပြီးဖိထားရာမှ ဓာတ်ခဲပေါက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုကာလတန်ဖိုးကျပ် တစ်သိန်း နှစ်သောင်းခန့်(ကျပ် ၁၂၀,၀၀ဝိ/-)ခန့် ဆုံးရှုံးပျက်စီးသွားကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သောမီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ နယ်မြေခံယာဉ်အုပ်စုတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ၊အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ နှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များမှပူးပေါင်းပြီးသွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် မီးထိန်းခဲ့ကာ ၁၀ နာရီ ၃၁ မိနစ်၌ မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့မီးလောင်ကျွမ်းမှုကြောင့် အိမ်ငှားနေထိုင်သူအမျိုး သားအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆)နယ်မြေရဲစခန်းမှ (ပ-၅၃/၂၀၂၃) ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။