MT News
Written by Pan Ei
လာမည့် မေလ ၆ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပပြုလုပ်တော့မည့် တတိယမြောက် ချားလ်စ်ဘုရင်၏ နန်းတက်ပွဲကို နိုင်ငံအရပ်ရပ်မှ ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ နိုင်ငံခြားမင်းမျိုးမင်းနွယ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူပေါင်း ၂၂၀၀ ကျော် တက်ရောက်ကြမည်ဖြစ်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလက ကွယ်လွန်ခဲ့သည့် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် -၂ ၏ ၁၉၅၃ ခုနှစ်က ကျင်းပခဲ့သည့် နန်းတက်ပွဲတွင် တက်ရောက်ခဲ့သူပေါင်း ၈၀၀၀ နှင့် နှိုင်းယှဉ်လျှင် ယခု တတိယမြောက် ချားလ်စ်ဘုရင်၏ နန်းတက်ပွဲကို တက်ရောက်မည့်သူမှာ နည်းလွန်းနေပေသည်။
နန်းတက်ပွဲကို အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒန်အစား သမ္မတကတော် ဂျေးဘိုင်ဒန်က တက်ရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Han Zheng သည် ပေကျင်းကိုယ်စားပြုအနေဖြင့် တက်ရောက်မည်ဖြစ်သည်။
ထို့ပြင် ကမ္ဘာတစ်ဝှမ်းမှ တော်ဝင်မိသားစုများဖြစ်ကြသည့် စပိန်ဘုရင် Felipe VI နှင့် မိဖုရား Letizia၊ ဆွီဒင်ဘုရင် Carl XVI Gustaf နှင့်အိမ်ရှေ့စံမင်းသမီး Victoria၊ မိုနာကို မင်းသားအဲလ်ဘတ်နှင့် မင်းသမီး Charlene၊ ဘယ်လ်ဂျီယံ ဘုရင် Philippe နှင့် မိဖုရား Mathilde၊ ဒတ်ခ်ျဘုရင် Willem-Alexander နှင့် မိဖုရား Maxima၊ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck နှင့် မိဖုရား Jetsun Pema၊ ထိုင်းဘုရင် Maha Vajiralongkorn နှင့် မိဖုရား Suthida၊ ဂျပန်နိုင်ငံမှ အိမ်ရှေ့မင်းသား Fumihito နှင့် အိမ်ရှေ့စံမင်းသမီး Kiko အစရှိသူတို့က တက်ရောက်ကြမည်ဖြစ်ကြောင်း သူတို့၏ နန်းတော်တစ်ခုစီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နန်းတက်ပွဲကို ဗြိတိန်တော်ဝင်မိသားစုများ၊ တတိယမြောက် ချားလ်စ်ဘုရင်နှင့် ဘုရင်မ ကယ်မီလာတို့၏ မိသားစုဝင်နှင့် ရင်းနှီးသောမိတ်ဆွေ အများအပြား တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် အိမ်ရှေ့မင်းသားဝီလျံနှင့် အိမ်ရှေ့မင်းသမီး ကက်သရင်း တို့နှင့်အတူ တတိယမြောက် ချားလ်စ်ဘုရင်၏ မောင်နှမနှစ်ယောက်ဖြစ်သည့် တော်ဝင်မင်းသမီး Anne၊ နှင့် Edinburgh မြို့စား Edward အစရှိသူတို့ တက်ရောက်မည်ဖြစ်သည်။ ဘုရင်၏ သားငယ်ဖြစ်သူ မင်းသားဟယ်ရီသည် သူတက်ရောက်မည်ဟု အတည်ပြုခဲ့သော်လည်း ဇနီးဖြစ်သူ Meghan ကတော့ သူမတို့စုံတွဲ၏ သားဖြစ်သူ Archie ၏ လေးနှစ်မြောက်မွေးနေ့နှင့် တိုက်ဆိုင်နေသောကြောင့်ဟုဆိုတာ တက်ရောက်ဖို့ကို ငြင်းဆိုခဲ့သည်။
၁၈၃၀ က နန်းတက်ခဲ့သည့် အသက် ၆၄ နှစ်အရွယ် စတုတ္ထမြောက် ဝီလီယံဘုရင်သည် ဗြိတိန်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အသက်အကြီးဆုံးဘုရင်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် တရားဝင် သရဖူနှင်းအပ်ခြင်းခံရတော့မည့် အသက် ၇၃ နှစ်အရွယ် တတိယမြောက် ချားလ်စ်ဘုရင်သည် အင်္ဂလန်နိုင်ငံ၏ အသက်အကြီးဆုံးဘုရင်ဖြစ်လာမည်ဖြစ်သည်။
Ref; Reuters, The Telegraph