၃. ၅. ၂၀၂၃
Written by Pan Ei
ဗီယက်နမ်အမျိုးသမီးတစ်ဦးဟာ အိမ်မှာမွေးထားတဲ့ ကြက်တူရွေးရဲ့ စကားတွေကြောင့် ခင်ပွန်းသည်နဲ့ အိမ်အကူအမျိုးသမီးရဲ့ ဖောက်ပြန်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ အထူးအဆန်းသတင်းကို ဗီယက်နမ် မီဒီယာတွေက ဖော်ပြခဲ့ကြပြီး အွန်လိုင်းအသုံးပြုသူတွေကြားမှာ လူပြောများခဲ့ပါတယ်။
အဆိုပါဗီယက်နမ်အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဗီယက်နမ်နိုင်ငံရဲ့ မြို့ကြီးတစ်ခုမှာ အောင်မြင်တဲ့ ပရိဘောဂလုပ်ငန်းကို ပိုင်ဆိုင်ကြပြီး အဆိုပါ အမျိုးသမီးက အိမ်အလုပ်နဲ့ ကလေးထိန်းဖို့အတွက် သူမထက် ဆယ်နှစ်ပိုကြီးတဲ့ ကျေးလက်ဒေသက အမျိုးသမီးတစ်ဦးကို ငှားရမ်းခဲ့ပြီး အိမ်မွေး ကြက်တူရွေးထားတဲ့ နေရာရဲ့ ဘေးအခန်းမှာ အိမ်အကူအမျိုးသမီးကို နေထိုင်စေခဲ့ပါတယ်။
သူမဟာ အိမ်အကူခန့်ထားပြီး ခြောက်လလောက်အကြာမှာ ခင်ပွန်းသည်ရဲ့ အပြုအမူတွေကို သတိထားမိလာခဲ့ပြီး အိမ်မှာ မရင်းနှီးတဲ့အမျိုးသမီးတစ်ဦးနဲ့ နေထိုင်ရတဲ့ အမျိုးသားတွေအတွက် ပုံမှန်အပြုအမူဖြစ်တယ်လို့ပဲ ယူဆကာ အိမ်ထောင်ရေးဖောက်ပြန်မှုကို သံသယမရှိခဲ့ဘူးလို့ သူမက ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာတော့ ဇနီးသည်က ခင်ပွန်းဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို သတိပြုမိခဲ့ပြီး အိမ်အကူ အမျိုးသမီးအခန်းဘေးမှာရှိတဲ့ ကြက်တူရွေးဟာ သူမရဲ့ ခင်ပွန်းနဲ့ အိမ်အကူအမျိုးသမီးတို့ ဖောက်ပြန်ချိန် ပြောဆိုတဲ့စကားတွေကို အတုခိုးလိုက်ပြောနေတာတွေကို ကြားရတဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ဇနီးသည်က ငြင်းလို့မရနိုင်တဲ့ အထောက်အထားတွေကို ရှာဖွေဖို့အတွက် အိမ်အကူအမျိုးသမီးအခန်းမှာ လျှို့ဝှက်ကင်မရာကို တပ်ဆင်ခဲ့ပြီး တစ်ပတ်အတွင်းမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုအကြောင်းကို ပြတ်သားစွာ သက်သေပြနိုင်ခဲ့ပါတယ်။
အိမ်အကူအမျိုးသမီးဟာ အစပိုင်းမှာတော့ ငွေကြေးကြောင့် ခင်ပွန်းဖြစ်သူကို သွေးဆောင်ဖျားယောင်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ခင်ပွန်းရဲ့ ဖောက်ပြန်မှုကို သက်သေပြနိုင်ခဲ့တဲ့ အဆိုပါ အမျိုးသမီးကတော့ ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ခဲ့ကာ တရားရုံး၌ တရားရင်ဆိုင်ရာမှာ သူမရဲ့ အခွင့်အရေးတွေအတွက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန်မှုဆိုင်ရာ အထောက်အထားတွေကို ရှေ့နေ့ထံ ပေးပို့ခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။
Ref; Thaiger