
ရွှေစင်အကယ်ဒမီရွှေဆိုင်မှ ရောင်းချပေးနေသည့် ရွှေတုံးများကို တွေ့ရစဥ်
၁၃. ၁၀. ၂၀၂၂
Written by Hey Mar
မီးလင်းရွှေကို အကယ်ဒမီအခေါက်ရွှေကိုသာ စုဆောင်းလိုပြီး တစ်ဆယ်သားတုံး ရင်းနှီးမြှုပ်နှံရန်လည်း စွန့်စားမှု မလုပ်ချင်သူများအတွက် ရွှေဖြတ်စမှ စတင်ပြီး ၂ ပဲတုံး အကယ်ဒမီ တံဆိပ်ခတ်ထားသည့် ရွှေတုံးများကို ယနေ့ စတင်ရောင်းချပေးနေကြောင်း ရွှေစင်အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းနှင့် ရွှေဆိုင်မှ အောက်တိုဘာ ၁၃ ရက်တွင် သိရသည်။
၉၉.၉၉ ရာခိုင်နှုန်း သန့်စင်ပြီး အခေါက်ရွှေ ဖြစ်ပြီး ၂ပဲ၊ ၄ ပဲ ရှိရွှေတုံးများအား ရွှေပြားအသေးအဖြစ် အလျား ၁၁ မီလီမီတာ၊ အနံ ၁၉ မီလီမီတာ၊ ၈ပဲ၊ ၁၂ ပဲ ရွှေတုံးများအား ရွှေပြားအလတ်အဖြစ် အလျား ၁၄ မီလီမီတာ၊ အနံ ၂၄ မီလီမီတာနှင့် ၁ ကျပ်သား၊၂ ကျပ်သားရွှေတုံးများကို အလျား ၁၈ မီလီမီတာ၊ အနံ ၃၂ မီလီမီတာ စသဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ အကယ်ဒမီ တံဆိပ်ခတ်နှိပ်ချင်ထားပြီး ရွှေတုံးများအတွက် လက်ခ ကျပ် ၆၀၀၀ ကျသင့်မည်ဖြစ်ပြီး တစ်ပဲမှ စတင် ဝယ်ယူစုဆောင်းပါကလည်း ၁ကျပ်သားပြည့်လျှင် အကယ်ဒမီ တစ်ကျပ်သားတုံးနှင့် ပြန်လည်၍ ဖလှယ်ပေးသည်ဟု ရွှေဆိုင်မှ တာဝန်ရှိသူက ဆိုသည်။
” တချို့က ရတနာထက် ရွှေစင်ရွှေခဲ စုချင်တာပေါ့။ မီးလင်း အခေါက် ၁၀ ကျပ်သားတုံး ဝယ်ဖို့ကျ အခက်အခဲရှိတဲ့ ဝယ်သူတွေအတွက် အကယ်ဒမီ တံဆိပ်ပါ ရွှေပြားတွေကို ၁ ပဲ ကနေ စရောင်းပေးနေတာပါ။ ပြန်ရောင်း၊ ပြန်လဲချင်ရင်လည်း ပေါက်စျေးအတိုင်း ပြန်လည်ဝယ်ယူပေးနေပြီး လက်ခ ၆၀၀၀ ကျပ် ပဲ ဝယ်သူက ရှုံးမှာပါ” ဟု ဆိုသည် ။
အောက်တိုဘာ ၁၃ ရက်အတွက်မူ နေ့လည် ၁၂ နာရီ ဝန်းကျင်ကတည်းက အရောင်းရပ်သွားခဲ့ပြီဟု သိရသည်။ ဆိုင်မှ ရွှေကို ထုတ်ရောင်းပေးခြင်းမျိုး မဟုတ်ဘဲ၊ လာရောက်ရောင်းချသည့် ဧည့်သည်များထံမှ ဝယ်ယူ၍ ရသမျှကို၊ အတုံးအခဲ အသေး လိုချင်သူများအတွက် ခွဲခြမ်းရောင်းချပေးခြင်းမျိုး ဖြစ်သည်ဟုလည်း သိရသည်။
“နောက်နေ့တွေလည်း ဆက်လက်ရောင်းချပေးသွားမှာပါ။ တစ်နေ့ကို ဘယ်ရွေ့ ဘယ်မျှ ရောင်းချပေးမယ် ဘယ်လောက်သား ရောင်းလိုက်ရတယ် ဆိုတာကိုတော့ ပြောပြလို့မရပါဘူး။ ၃ ပိသာ ပြန်ဝယ်လို့ရရင် ၃ ပိဿာ ထုတ်ရောင်းမှာပါ။ ဆိုင်ကို ပြန်လာရောင်းသမျှကို ပြန်ထုတ်ရောင်းပေးနေတာပါ။ ဘယ်အချိန် စရောင်းမယ်ဆိုတာလည်း အတိအကျ မသတ်မှတ်နိုင်ဘဲ ဆိုင်ရှေ့မှာ ဝယ်သူတွေ များလာပြီဆိုရင် တိုကင်ကောက်ပြီး စရောင်းပေးပါတယ်” ဟု ရွှေစင် အကယ်ဒမီ ရွှေဆိုင်မှ တာဝန်ရှိသူက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။
အဆိုပါ တစ်ပဲ၊ နှစ်ပဲမှစသော ရွှေဖြတ်စ၊ ရွှေတုံးများကို နေ့စဥ်စျေးကွက်ပေါက်စျေးအတိုင်း ရောင်းချပေးနေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်၏ စျေးကွက်ပေါက်စျေးမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၆၈၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေကြောင်း သိရသည်။