၃. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရှိ အမေရိကန်ငွေကြေးဈေးကွက်များအတွက် သတင်းအချက်အလက်များသိရှိနိုင်ရာ Wall Street တွင် မေလ ၂ ရက်က အမေရိကန်ပြည်ထောင်စု၏ ဒေသဆိုင်ရာဘဏ်များမှာ အစုရှယ်ယာတန်ဖိုးများကျဆင်းကာ အရှုံးနှင့် ရင်ဆိုင်နေကြရကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်တွင် နှစ်လမပြည့်မီမှာပင် တတိယမြောက်ပြိုလဲသွားခဲ့သောဘဏ်ဖြစ်သည့် First Republic Bank အား လေလံတင်ရောင်းချရာ၌ အမေရိကန်ငွေကြေးဆိုင်ရာ လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သော JP Morgan က ဝယ်ယူခဲ့မှုရှိခဲ့သော်လည်း အမေရိကန်ဒေသဆိုင်ရာဘဏ်ကြီးများအဖို့ အလားတူဘေးအန္တရာယ်များနှင့် ကြုံလာရနိုင်သေးသည်ဟု Wall Street ၏ ဖော်ပြချက်များအရ ဆိုရပေမည်။
အမေရိကန်ပြည်ထောင်စုတွင် Citigroup နှင့် Bank of America ကဲ့သို့ ကြီးမားလှသောဘဏ်ကြီးများ လဲပြိုသောအခါကဆိုလျှင် ဒေသဆိုင်ရာဘဏ်များ၌လည်း ဆိုးဝါးလှသောအရှုံးများ ဖြစ်ပေါ်စေခဲ့သည်။ မတ်လအတွင်းက Silicon Valley Bank ပြိုလဲစဉ်ကစ၍ ဘဏ်လုပ်ငန်းအုပ်စုတွင် ကြီးမားသောဖိအားများ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရပေမည်။
ထိုသို့ ဘေးဒုက္ခများကြုံတွေ့နေရသော ဒေသဆိုင်ရာဘဏ်များတွင် အစုရှယ်ယာတန်ဖိုး၂၄ ရာခိုင်နှုန်းကျဆင်းနေသော Pacific Western Bank (PacWest Bancorp)၊ အစုရှယ်ယာ ၁၆ ရာခိုင်နှုန်းတန်ဖိုးကျဆင်းနေသော Western Alliance Bancorporation ၊ အစုရှယ်ယာ ၁၁ ရာခိုင်နှုန်းတန်ဖိုးကျဆင်းနေသော Zions Bancorporation နှင့် အစုရှယ်ယာ ၉ ရာခိုင်နှုန်းတန်ဖိုးကျဆင်းနေသော KeyCorp တို့ပါဝင်ကြကြောင်း တွေ့ ရသည်။
ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရီပတ်ဘလစ်ကန်တို့ ဦးဆောင်သော အောက်လွှတ်တော်အကြားလိပ်ခဲတည်းလည်းအခြေအနေကြောင့် အမေရိကန်အဖိုလည်း ကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှုများ ဖြစ်လာနိုင်သည်ကို စိုးရိမ်မှုများမြင့်တက်လာနေစဉ်မှာပင် ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်လာနိုင်မှုစိုးရိမ်မှုများနှင့်အတူ ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများထိုးကျမည်ကိုလည်းတွေ့မြင်လာနေရသည့် ရှုပ်ထွေးမှု ပေါင်းစုံ ဖြစ်နေရသည့် ရက်၌ ဤကဲ့သို့ အမေရိကန်ဒေသဆိုင်ရာဘဏ်များတွင် အစုရှယ်ယာကျဆင်းမှုများဖြစ်လာရခြင်းဖြစ်သည်။
သို့သော် ဘဏ်အစုရှယ်ယာများကျဆင်းနေမှုနှင့်ပတ်သက်၍ ဆောင်ရွက်မှုများကလည်း စိတ်ပျက်ဖွယ် တစ်ရပ်ဖြစ်နေရသည်ဟု ဆိုကြသည်။ ဂျာမနီနိုင်ငံ LBBW ဘဏ်မှ ကားလ်ဟေလင်းက “အမေရိကန် ဘဏ်တွေအဖို့ အခြေအနေတည်ငြိမ်မှုရှိဖို့က First Republic Bank တစ်ခုထဲနဲ့မပြီးနိုင်ဘူး။ ရှေ့ဆက်ပိုဆိုးလာနိုင်သေးတယ်လို့ စိုးရိမ်မိတယ်” ဟု ပြောခဲ့သည်။
First Republic Bank ပြိုလဲမှုဖြစ်ရပ်က ထိုကဲ့သို့ ဘဏ်ငယ်များအဖို့ အစုရှယ်ယာများ ကျဆင်းနေသည့်ကာလတွင် ၎င်းတို့အားကယ်ဆယ်မည့်သူမရှိဘဲ JP Morgan ကဲ့သို့ ငွေကြေးအင်အားတောင့်တင်းသော ဘဏ်ကြီးများလက်အောက်သို့ရောက်ရနိုင်သည်ကို ဖော်ပြနေသည်ဟုလည်း အကဲဖြတ်လေ့လာသူများက သုံးသပ်ကြသည်။ လက်ရှိအခြေအနေက အမေရိကန်ပြည်ထောင်စု၏ ဒေသဆိုင်ရာ ဘဏ်ငယ်များအဖို့ ခွက်ခွက်လန်အောင်ရှုံးရမည့် ကြီးမားသောဆိုးကျိုးကို ဖြစ်စေမည်ဟု သုံးသပ်ကြပေသည်။
Ref—–Bangkok Post