၃. ၅. ၂၀၂၃
Written by Nay Aung
ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံတွင် ဂျာနယ်လစ်များ၊ မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူ အနည်းဆုံး ၈၀ ခန့် ဖမ်းဆီးထောင်ချခံထားရဆဲဖြစ်ပြီး ကမ္ဘာတဝှမ်းရှိနိုင်ငံများအနက် ဂျာနယ်လစ်နှင့် မီဒီယာသမားများ ဖမ်းဆီးထောင်ချခံရသူအရေအတွက်အများဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)၏ နောက်ဆုံးဖော်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် အာဏာပဋိပက္ခဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ဂျာနယ်လစ်များ၊ မီဒီယာသမားများ ဖမ်းဆီးထောင်ချခံရမှုအရေအတွက် မြင့်တက်လာခဲ့ကြောင်း RSFက ဆိုသည်။ ကမ္ဘာတဝှမ်းတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း အနည်းဆုံး ၆၈ နိုင်ငံ၌ ဂျာနယ်လစ်များ၊ မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများ ဖမ်းဆီးထောင်ချခံနေရဆဲဖြစ်ကြောင်း RSFအဖွဲ့က ထုတ်ပြန်ထားသည်။
ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် ဂျာနယ်လစ်များ၊ မီဒီယာသမားများ ဖမ်းဆီးထောင်ချခံရမှုအများဆုံး နိုင်ငံများထဲတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်နေပြီး မြန်မာနိုင်ငံက ဒုတိယနေရာတွင်ရပ်တည်နေသည်။ တရုတ်နိုင်ငံတွင် ဂျာနယ်လစ်ပေါင်း အနည်းဆုံး ၁၀၆ ဦး ဖမ်းဆီးထောင်ချခံထားရပြီး မြန်မာနိုင်ငံတွင် ဂျာနယ်လစ်ပေါင်း အနည်းဆုံး ၈၀ခန့် ဖမ်းဆီးထောင်ချခံထားရဆဲဖြစ်ကြောင်း RSFအဖွဲ့က ဆိုသည်။
ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် ဂျာနယ်လစ်များ၊ မီဒီယာသမားများ ဖမ်းဆီးထောင်ချခံရမှုအများဆုံး နိုင်ငံများထဲတွင်တရုတ်နှင့် မြန်မာနိုင်ငံတို့အပြင် တူရကီ၊ အီရန်၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ရုရှား၊ ဘီလာရုစ့် နိုင်ငံတို့လည်းပါဝင်လျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲတွင် ဂျာနယ်လစ်များ၊ မီဒီယာသမားများ ဖမ်းဆီးထောင်ချခံရမှုအများဆုံး နိုင်ငံများထဲတွင် ထိပ်ဆုံးတွင်ရပ်တည်နေကာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ဂျာနယ်လစ်များ၊ မီဒီယာသမားများ ဖမ်းဆီးထောင်ချခံရမှုများရှိနေကြောင်း သိရသည်။ သို့သော်လည်း ဘရူနိုင်း၊ စင်ကာပူ၊ အရှေ့တီမော၊ မလေးရှားနိုင်ငံတို့တွင် ဂျာနယ်လစ်များ၊ မီဒီယာသမားများ ဖမ်းဆီးထောင်ချခံရမှုမရှိကြောင်း RSF ၏ ထုတ်ပြန်ချက်များအရ သိရသည်။
Ref —— RSF