MT News
FIFA-MFF TDS Scouting Tour 2023 အစီအစဉ်အရ မျိုးဆက်သစ်ထူးချွန်လူငယ်များမွေးထုတ်ရန် ရှာဖွေမှု ပထမအဆင့် ပြီးဆုံးပြီဖြစ်၍ ပဏာမကစားသမားစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မေလ ၂ ရက်က ထုတ်ပြန်သည်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)၏ စီစဉ်မှုအရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန်လူငယ်ကစားသမားများအား နိုင်ငံတစ်ဝန်း ရှာဖွေရွေးချယ်ခဲ့ရာ ပထမအဆင့် ရွေးချယ်မှုများ ပြီးဆုံးချိန်တွင် ပဏာမရွေးချယ်ခံရသော ကစားသမားများမှာ ယူ-၁၁ တွင် ၂၈ ဦး၊ ယူ-၁၂ တွင် ၄၇ ဦး၊ ယူ-၁၃ တွင် ၆၅ ဦး၊ ယူ-၁၄ တွင် ၅၈ ဦးနှင့် ယူ-၁၅ တွင် ၅၄ ဦးကို ပဏာမရွေးချယ်ခဲ့သည်။
ပဏာမရွေးချယ်ထားသူများမှ အပြီးသတ်ရွေးချယ်ခြင်းကို မေလ ၁၅ ရက်၊ ၁၆ ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသားဘောလုံး အကယ်ဒမီတွင်လည်းကောင်း၊ မေလ ၁၈ ရက်၊ ၁၉ ရက်တို့တွင် မန္တလေးမြို့ မြန်မာဘောလုံး အကယ်ဒမီတွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ကစားသမားစာရင်းအား မေလ ၂၄ ရက်တွင် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အဆိုပါ အစီအစဉ်အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များဖြင့် ပူးပေါင်း ဆောင်ရွက်နေပြီး အသက်(၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅)အရွယ် ထူးချွန်သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံးနည်းစနစ် ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ်ရွေးချယ်နေခြင်းဖြစ်သည်။
FIFA-MFF TDS Scouting Tour 2023 ကစားသမား ရွေးချယ်မှုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာနမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဝါရင့် မြန်မာ့လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးတင်အောင်(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးခင်မောင်လေး၊ ဦးငွေထွန်းတို့က အဖွဲ့(၄)ဖွဲ့၏ ခေါင်းဆောင်များအဖြစ် အသီးသီး ဦးဆောင်၍ ကစားသမားရွေးချယ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။