MT News
Written by Nay Aung
နိုင်ငံတကာကုမ္ပဏီအချို့ မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်နေခြင်းကို ပြန်ရုပ်သိမ်းနေချိန်တွင် အာသံပြည်နယ်အခြေစိုက် အိန္ဒိယအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီဖြစ်သော Numaligarh Refinery Limited (NRL)ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဒီဇယ်နှင့်ရေနံ လက်လီရောင်းချရေးဆိုင်များတည်ထောင်ရန် စီစဉ်နေကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြသည်။
NRL ရေနံကုမ္ပဏီသည် ၂၀၁၇ ခုနှစ်ကလည်း ကုန်းလမ်းမှတစ်ဆင့် ဒီဇယ်ဆီများကို မြန်မာနိုင်ငံသို့တင်ပို့ရန် ပထမဆုံး စီစဉ်ခဲ့ဖူးသော်လည်း ဈေးကွက်တွင် တရုတ်နိုင်ငံကတင်ပို့နေသော ဈေးနှုန်းကို ယှဉ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
NRL ကုမ္မဏီ ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော Bhaskar Jyoti Phukanက “ကျွန်တော်တို့ဟာ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လုပ်ငန်းတွေလုပ်ကိုင်နေတယ်။ မြန်မာနိုင်ငံမှာလာရောက်လုပ်ကိုင်ဖို့က ကျွန်တော်တို့ရဲ့အစီအစဉ်တွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်သွားလို့ လုပ်ငန်းလုပ်ကိုင်မယ့် အစီအစဉ်တွေက နှောင့်နှေးခဲ့ရတယ်။အရင်တုန်းက ကျွန်တော်တို့ဟာ Numaligarh ဒေသကနေ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မဏိပူရပြည်နယ် မိုးရေးမြို့ကို ကုန်းလမ်းကနေ ဒီဇယ်၊ ရေနံတွေ တိုက်ရိုက်ပို့ဆောင်ခဲ့တယ်။ မိုးရေးမြို့ဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးနဲ့နယ်စပ်ချင်းနီးစပ်တယ်။ စစ်ကိုင်းတိုင်းဟာ လူဦးရေ ၄ သိန်းကျော်ရှိနေတဲ့ မြို့ဖြစ်တယ်။ ကျွန်တော်တို့ဟာ ရေနံနဲ့ဒီဇယ်တွေအပါအဝင် စွမ်းအင်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ အစီအစဉ်တွေလုပ်နေတယ်။ ကုန်းလမ်းက မြန်မာနိုင်ငံကို ရေနံနဲ့ဒီဇယ်တွေတင်ပို့မှုဟာ အရင်တုန်းက ကုန်ကျစရိတ်တွေများခဲ့ရတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများအပြားလုပ်ထားတဲ့နိုင်ငံဖြစ်ပြီး ဈေးနှုန်းပိုင်းမှာ တရုတ်နိုင်ငံ ဒီဇယ်တွေကိုမယှဉ်ပြိုင်နိုင်ခဲ့ဘူး”ဟုပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကအာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ကုမ္ပဏီအချို့သည် လူ့အခွင့်ရေးချိုးဖောက်မှုများရှိသည်ဆိုကာ နိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်မှုများကို ပြန်ရုပ်သိမ်းခဲ့ဖူးကြောင်း သိရသည်။
Ref —— indiatimes