၂. ၅. ၂၀၂၃
Written by Peya
၂၀၂၃ ဆီးဂိမ်းစ် မြန်မာ ယူ ၂၂ အမျိုးသားဘောလုံးအသင်းက တီမောအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ပွဲဦးထွက် အနိုင်ရခဲ့ပြီး အင်င်ဒိုနီးရှားနှင့်ပွဲအတွက် သေချာပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာ ယူ၂၂ အသင်း နည်းပြချုပ် မိုက်ကယ် Michael Feichtenbeiner က ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မြန်မာ ယူ ၂၂ အသင်းသည် ဆီးဂိမ်းစ် ၂၀၂၃ အမျိုးသား ဘောလုံး အုပ်စု(က) ပထမပွဲစဥ်အဖြစ် ယနေ့ မေလ ၂ ရက်တွင် တီမောအသင်းနှင့် ကမ္ဘောဒီယားနိုင်ငံ၌ ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ဒုတိယပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် မေလ ၄ ရက်၊ မြန်မာစံတော်ချိန် ၃ နာရီခွဲ၌ ကမ္ဘောဒီးယား အမျိုးသားကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
“ဒီနေ့ပွဲ ပထမပိုင်းကစားပုံကောင်းခဲ့ပြီးတော့ ဂိုးတိုင်ထိထွက်တာ အပါအဝင် ဂိုးရသင့်လျက် မရခဲ့ပါဘူး။ ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ကျွန်တော်တို့ ဂိုးရမယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပုံကိုတော့ စိတ်တိုင်းကျမှု မရှိပေမဲ့ အနိုင်ဂိုးရခဲ့လို့ ကျေနပ်ပါတယ်။ ပွဲဦးထွက် အနိုင်ရဖို့က အရေးကြီးတာကြောင့် ကျွန်တော့် ကစားသမားတွေ ကြိုးစားအားထုတ်မှုအတွက် ဂုဏ်ယူပါတယ်။ ဒီနေ့ပွဲ ကစားပြီး တစ်ရက်ပဲ အနားရတာမို့ အင်ဒိုနီးရှားနဲ့ ပွဲအတွက် သေချာပြင်ဆင်သွားပါမယ်” ဟု မြန်မာအသင်းနည်းပြချုပ်က ဆိုသည်။
အင်ဒိုနီးရှားနဲ့ ပွဲသည် အရေးကြီးသည့်ပွဲဆိုသော်လည်း အုပ်စုပွဲတိုင်းအရေးကြီးသည့် ပွဲများဖြစ်ကာ အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် မတူညီသော အသင်းများကို ချဉ်းကပ်သည့် နေရာတွင် မတူညီသော နည်းဗျူဟာ အသီးသီး ချမှတ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အင်ဒိုနီးရှားမှာ ကျွန်တော် နည်းပြလုပ်ခဲ့တဲ့ အတွေ့အကြုံအရ အင်ဒိုနီးရှားလိဂ်က တကယ့်ကို ကစားသမားကောင်းတွေ ထွက်ပေါ်နေတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်ပါ။ မြန်မာနဲ့ အခြေအနေက မတူပါဘူး။ လက်ရှိ အနေအထားအရ ကျွန်တော်တို့မှာ ကစားသမား ရွေးချယ်ဖို့ ခက်ခဲမှုတွေ ရှိပါတယ်။ လက်ရှိအသင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားက ၃ ဦးပဲ ရှိပါတယ်။ ကျန်တဲ့ ကစားသမားတွေမှာ ယူ ၁၈/ယူ ၁၉ အရွယ်တွေလည်း ပါဝင်နေပြီး နုနယ်လွန်းတဲ့ အသင်းပါ။ အင်ဒိုနီးရှားနဲ့ပွဲအတွက် ကျွန်တော်တို့ ရလဒ်ကောင်းရဖို့ ကြိုတင်ပြင်ဆင်သွားပါမယ်” ဟု မြန်မာ ယူ၂၂ အသင်း နည်းပြချုပ် မိုက်ကယ် Michael Feichtenbeiner က ဆိုသည်။