၂. ၅. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် မေလ ၁ ရက်နှင့် ၂ ရက် ယခုလနှစ်ရက်အတွင်း လမ်းဘေးသေဆုံးသူ အမျိုးသားရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့ကြောင်း မြို့နယ်အခြေစိုက် ပရဟိတအသင်းများထံမှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်း(တာမွေပလာဇာရှေ့)၊ ပလက်ဖောင်းဘေးသေဆုံးနေသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိသဖြင့် သယ်ယူကူညီခဲ့ရကြောင်း တာမွေမြို့နယ်အခြေစိုက် မြန်မာ မွတ်စလင်မ်ပရဟိတအဖွဲ့မှ သိရသည်။
သေဆုံးသူမှာ တာမွေမြို့နယ် တာမွေကြီး(က+ဂ) ရပ်ကွက် ၁၅၆ လမ်းနေသူ ကိုဝင်းအောင်ကို (အသက် ၃၃ နှစ်)ဖြစ်သည်ဟုသိရပြီး အိမ်တွင်မနေထိုင်ဘဲ လမ်းဘေးတွင် စိတ်အဆင်ပြေသလို နေထိုင်တတ်သူတစ်ဦးဖြစ်သဖြင့် မိသားစုမှလည်း လက်လွှတ်ထားသူဟု သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား သက်ဆိုင်ရာမှ စစ်ဆေးပြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်သို့ မြန်မာမွတ်စလင်မ် ပရဟိတအသင်း၏ နာရေးကူညီမှုယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှ PR အမှတ် 56 ဖြင့် လက်ခံထားရှိကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ မေလ ၁ ရက်ကလည်း တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် အမျိုးသားတစ်ဦး(ပိုင်ရှင်မဲ့) ပလက်ဖောင်းဘေးရေမြောင်းထဲ သေဆုံးနေသဖြင့် ထိုရုပ်အလောင်းကိုလည်း စံပြဆေးရုံရေခဲတိုက်သို့ ကူညီပို့ဆောင်ပေးခဲ့ရပြီး ဆေးရုံမှ PR အမှတ် -87 ဖြင့် လက်ခံထားကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ညံတောရပ်၊ ရပ်ကွက်ကြီး(၁)၊ ရွှေမြင်တင်ဘုရားအနီး၌ ယနေ့ မေလ ၂ ရက် နံနက် ၆ နာရီခွဲအချိန်တွင် အိမ်ခြေမဲ့ အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ပြင်ဦးလွင်အခြေစိုက် သန္တိသုခ လူမှုကူညီရေးအသင်းမှ သိရသည်။
ရာသီဥတု အပူဒဏ်နှင့် အာဟာရပြတ်လပ်သည့်လက္ခဏာများကြောင်း သေဆုံးရသည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများ၏ သုံးသပ်မှုအရ သိရကြောင်းနှင့် ယမန်နေ့ မေလ ၁ရက်နေ့ကလည်း အဆိုပါရပ်ကွက်အတွင်းရှိ နတ်ရေကန်ဘုန်းကြီးကျောင်းခြံစည်းရိုးနားတွင်နေထိုင်သူ အိမ်ခြေမဲ့ သက်ကြီးအမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သန္တိသုခ အသင်းမှ သိရသည်။