MT News
Written by Nay Moe
ခုနစ်လကြာ ပျောက်ဆုံးနေသော PDF စနိုက်ပါ ကိုအယ်ဘီအား အရိုးစုကျန် ရုပ်အလောင်းအဖြစ် ပြန်ရှာတွေ့ခဲ့သည်ဟု NUG ဩဇာခံ ရှမ်းတောင် ၁၀၀၈ တပ်ရင်း -1008 (SSRY)က မတ်လ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှေ့တန်းတစ်နေရာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၁ ရက်က ပျောက်ဆုံးသွားသည့် စနိုက်ပါရဲဘော်ကိုအယ်ဘီ (ခ) ကိုသန်းဇော်၏ ရုပ်အလောင်းကို ဧပြီ ၃၀ ရက်တွင် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကျခဲ့သည့် စနိုက်ပါ ရဲဘော်ကိုအယ်ဘီ (ခ) ကိုသန်းဇော်၏ ရုပ်အလောင်းကို ပြန်မရခဲ့ဘဲ ယခုလို ၇ လခန့်အကြာမှ ပြန်လည်ရှာတွေ့ခဲ့ရာတွင် ရုပ်အလောင်းပြန်ရအောင် KNDF BO2 က ရဲဘော်များက ကူညီရှာဖွေပေးခဲ့ခြင်းလည်း ဖြစ်သည်။
“ကုန်းသာတိုက်ပွဲမှာ ကျသွားခဲ့တာပါ။ သူဝတ်သွားတဲ့အဝတ်အစားတွေကြောင့် သူလို့ အတည်ပြုနိုင်ခဲ့တာပါ။ သူနဲ့အတူ စနိုက်ပါတစ်လက်လည်း ဆုံးရှုံးသွားပါတယ်”ဟု SSRY -1008 တပ်ရင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် စနိုက်ပါကိုသန်းဇော်(ကိုအယ်ဘီ)၏ အရိုးစုကျန်ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်ဟုလည်း ရှမ်းတောင် ၁၀၀၈ တပ်ရင်း -1008 (SSRY) မှ သိရသည်။