MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေး ကျဆင်းနေသည့်အပြင် ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းအောက်သာ ရောင်းချရန် သတိပေးကြညာထားသော်လည်း ပြည်တွင်းရွှေဈေး ကျဆင်းမှုမရှိဘဲ မေ ၁ ရက်တွင် အမြင့်ဈေးနှုန်း ကျပ်သိန်း ၃၀ နီးပါး၌သာ ဆက်လက်ဖြစ်ပေါ်နေသည်။
ဒေါ်လာ ၂၀၂၀ ကျော်အထိ မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် သင်္ကြန်ကာလအပြီးမှ စတင်ကျဆင်းလာခဲ့သဖြင့် မေ ၁ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁၉၈၃ ဒေါ်လာသာရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်း အခေါက်တစ်ကျပ်သား ကျပ် ၂,၉၉၀,၀၀၀ ဖြစ်ပေါ်ခဲ့သဖြင့် သင်္ကြန်ကာလအပြီး မြင့်တက်ခဲ့သည့် ဈေးနှုန်းအတိုင်းသာ ဆက်လက်ရှိနေသည်။
ပြည်တွင်းရွှေဈေး ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်ခဲ့သဖြင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းအောက်၌သာ အရောင်းအဝယ်ပြုလုပ်ရန် ဧပြီ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးကြေညာခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းများသည် ဧပြီ ၂၆ ရက်တွင် ကျပ် ၂,၉၉၄,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၅ ကျပ်၊ ဧပြီ ၂၇ ရက်တွင် ကျပ် ၃,၀၀၇,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ ဧပြီ ၂၈ ရက်တွင် ကျပ် ၂,၉၉၁,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၂ ကျပ်၊ ဧပြီ ၂၉ ရက်တွင် ကျပ် ၂,၉၉၉,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။