MT News
Written by Hey Mar
လားရှိုး-သိန္နီ ပြည်ထောင်စုလမ်းမကြီး၊ နမ့်တွန်းကျေးရွာအုပ်စု၊ ဖောင်လိတ်ရွာ(၁၆)မိုင်တွင် မေလ ၁ ရက် နေ့လည် ၂ နာရီ ဝန်းကျင်အချိန့်ခန့်က အမျိုးသမီးတစ်ဦး မိုင်းနင်းမိသည်ဆိုကာ မျက်နှာတွင် မိုင်းထိမှန်ဒဏ်ရာများရရှိထားသဖြင့် လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်းမှ သွားရောက်ကာ ဆေးရုံသို့ ကူညီသယ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ အဆိုပါကူညီကယ်ရေးအဖွဲ့ရောက်ရှိချိန်တွင် ရဲအုပ်ဇင်ဘိုပိုင်(စခန်းမှူး၊နယ်မြေရဲစခန်း) ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးအား မြေပြင်ပြုစုကုသမှုများ ရှေးဦးစွာပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
“အမျိုးသမီးလေးက အသက် ၂၂၊ ၂၃ အရွယ်လောက်ပဲ ရှိဦးမယ်။ တခြားနေရာတွေထက် မျက်နှာထိတာ အတော်များတယ်။ နောက်ပြီး ဘယ်ဘက်လက် မိုင်းစမှန်တယ်။ ဒါတွေတွေ့ရတယ်။ မျက်နှာကတော့ အတော်ပျက်စီးတယ်။ အသိတွေ့ရင်တောင် မမှတ်မိလောက်အောင်ပေါ့။ ကျွန်တော်တို့က အခြေအနေကို သေချာ အသေးစိတ်မသိရဘူး။ တာဝန်ရှိသူတွေကခေါ်ပြီး သယ်ပို့ခိုင်းတာ လုပ်ပေးလိုက်တာ” ဟု MT News ၏ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
လားရှိုးအခြေစိုက် ပရဟိတအဖွဲ့သည် ဒဏ်ရာရရှိသူအား လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရှေးဦးစွာ ပို့ဆောင်ပေးပြီး ထိုမှတစ်ဆင့် ခွဲစိတ်ကုသဆောင်သို့ ဆက်လက်ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။