MT News
Written by Thettant
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြားများနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် နမ့်စန်မှ တာချီလိတ်သို့ ‘စောရွှေ’ မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်၌ ကုန်စုံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူဘလောက်တုံး ၁၃၅၈ တုံး၊ အလေးချိန် ၄၇၅ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့သည်။
ထပ်မံ စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲအချိန် ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါ၀င်သူ ‘အောင်စိုး’ အား တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက် အရ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ကျေးရွာရှိ စိုင်းနွံ(ခ)ထွန်းလင်းဦး၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အက်တက်စီဆေးပြား ၂၃၅ ပြားနှင့် Happy Water ၃၁၅ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြား ၂၃၅ ပြား၊ Happy Water ၃၁၅ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါ၀င်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း CCDAC MYANMAR က သတင်းထုတ်ပြန်ဖော်ပြမှုအရ သိရှိရသည်။