၁၃. ၁၀. ၂၀၂၂
Written by Nay Moe
PDF များက မြေပြင်တိုက်ပွဲဆင်နွှဲရာတွင် ဘုရားကျောင်းများ၊ စာသင်ကျောင်းများ၌ စစ်စခန်းချနေသည်ဟု ဝေဖန်မှုများ ရှိလာပြီးနောက် စစ်ကိုင်းတိုင်းရှိ နေရာ ၃၀ အား စစ်စခန်းမချရန် NUG ၏ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် တားမြစ်လိုက်သည်။
NUG ၏ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ၏ ဆုံးဖြတ်ချက်အရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသောမူဝါဒများ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ၊ သဘာဝအမွေအနှစ်ဆိုင်ရာစံနှုန်းသတ်မှတ်ချက်များနှင့်အညီ တွဲဖက်စာရင်းတွင်ဖော်ပြထားသော နေရာ ၃၀ အား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြားကာလအမွေအနှစ်များအဖြစ် သတ်မှတ်ခဲ့သည်။
ထိုသို့ သတ်မှတ်ခဲ့သည့် ဒေသများတွင် ကုန်းကြောင်းစစ် သို့မဟုတ် ရေကြောင်းစစ် သို့မဟုတ် လေကြောင်းစစ် ပြုလုပ်ခြင်း၊ စစ်ရေးပြုလုပ်ရန်အတွက် စခန်းနေရာချထားခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်းစသည့် ပျက်စီးရန်ဆောင်ရွက်ခြင်း၊ ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန်သွယ်ခြင်း၊ ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ပုံစံပြောင်းခြင်းစသည့် မူလအနေအထား ပျက်စီးစေရန် ကြံဆောင်ခြင်းများ မလုပ်ဆောင်ရန် တားမြစ်ခဲ့သည်။
အဆိုပါ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၉)၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၅)တို့အပြင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုတားမြစ်ချက်များသည် ယင်းဒေသရှိ ဒေသခံပြည်သူများ မိရိုးဖလာ လုပ်ကိုင်လာသည့် ဥပဒေနှင့်ညီညွတ်သော အသက်မွေးမှုလုပ်ငန်းများ၊ လက်ရှိတည်ရှိနေမှုများအပေါ် သက်ရောက်ခြင်းမရှိစေရဟုလည်း ထုတ်ပြန်ဖော်ပြသည်။